Stay home ကာလမှာပြင်ဆင်ချိန် မရလိုက်တဲ့ စီးပွားရေးလုပ်ငန်းများ

Share ရန်


ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမိန့်ညွှန်ကြားချက်အရ ဘဏ်လုပ်ငန်း၊ စားသောက်ကုန်၊ ဆေးဝါး၊ ရေသန့်၊ စက်သုံးဆီ စတဲ့ လုပ်ငန်းတွေကလွဲပြီး ကျန်ပုဂ္ဂလိက လုပ်ငန်းကဏ္ဍအားလုံး စက်တင်ဘာ ၂၁ ရက်နေ့မှစတင်ကာ အိမ်ကနေ အလုပ်လုပ်ရ မှာ ဖြစ်ပါတယ်။

လက်ခစားစနစ်နဲ့ လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်ရုံ (CMP) တွေကိုတော့ စက်တင်ဘာ ၂၄ ရက်နေ့ကနေ အောက်တိုဘာ ၇ ရက်အထိ နှစ်ပတ်ခန့် ပိတ်သိမ်းဖို့ ညွှန်ကြားထားပါတယ်။

Buss4

ခွင့်ပြုလုပ်ငန်းတွေထဲ မပါဝင်တဲ့ အဖွဲ့အစည်းနဲ့ ကုမ္ဗဏီတချို့က လုပ်ငန်းရှင်၊ ဝန်ထမ်း၊ အလုပ်သမားတွေဟာ ညတွင်းချင်း ထွက်လာတဲ့ ညွှန်ကြားချက်ကြောင့် အိမ်မှာအလုပ်လုပ်ဖို့ ဘာမှ ကြိုတင်ပြင်ဆင်ချိန် မရလိုက်ဘဲ ဗျာများခဲ့ကြရပါတယ်။

“ထုတ်ပြန်ချက်က အချိန်တအားကပ်တာပေါ့။ အနီးကပ်ကြီး ထုတ်လိုက်တော့ ဘာလုပ်ရမှန်း မသိဘူး။ ည ၈ နာရီမှာ ထုတ်ပြန်တယ်။ နောက်နေ့ အသက်ဝင်တယ်ဆိုတော့ အဆင်မပြေဘူး။ အခုရုံးလာတာက အမိန့်ကို မလိုက်နာသလို ဖြစ်နေပေမယ့် မလာလို့လည်း မရဘူး။ လက်စသတ်ရမယ့် အလုပ်တွေ ရှိသေးတယ်” လို့ မအေးသီရိကျော်က ပြောပါတယ်။

Buss3

သူကတော့ ကမ်းနားလမ်းက Strand Square မှာ ရုံးဖွင့်ထားတဲ့၊ JICE ဂျပန်ပညာသင်ဆုပေးတဲ့ NGO တခုရဲ့ Assistance Country Officer အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ အခုလို ကြိုတင်ပြင်ဆင်ချိန် မရလိုက်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကြောင့် လုပ်ငန်းပိုင်းဆိုင်ရာမှာ အခက်အခဲတွေ ဖြစ်သွားတယ်လို့လည်း သူက ပြောပါတယ်။

Buss2

ယခုလို ရောဂါကူးစက်မှု အရှိန်မြင့်တက်နေတဲ့ ကာလမှာ လုပ်ငန်းတွေ ရပ်ဆိုင်းတာကို ကြိုဆိုပေမယ့် ပြင်ဆင်ချိန်မပေးဘဲ အမိန့်ညွှန်ကြားချက် ထုတ်ပြန်တာ၊ ရှင်းရှင်းလင်းလင်း မရှိတာဟာ လုပ်ငန်းတွေအပေါ် ပိုပြီး ဒုက္ခရောက်စေတယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်အသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမျိုးမြင့်က ပြောပါတယ်။

“CMP ဆိုရင် ၂၄ ရက်နေ့မှ ပိတ်ဆိုတော့ ဘာပဲပြောပြော ပြင်ဆင်ချိန် ရှိတာပေါ့။ အခုက ချက်ချင်းပိတ်ဆိုတော့ အလုပ်သမားတွေလည်း အခက်အခဲ ရှိတယ်။ နေ့စားတွေ အများကြီးရှိတော့ ၂/၃ ရက် အချိန်ရရင် ပိုက်ဆံ ကြိုထုတ်ပေးတာတွေ လုပ်လို့ရမယ်။ နောက်ပြီး ကျနော်တို့ လုပ်ငန်းတွေမှာ foundation မြေတူးထားတွေမှာ မြေပြိုတာတွေ ဘာတွေအန္တရာယ် ရှိနိုင်တယ်။ ဒါတွေကို ကြိုတင်ပြင်ဆင်ချိန် ဘာမှမရလိုက်ဘူး” လို့ သူက ရှင်းပြပါတယ်။

Stay1 1

ဒါ့အပြင် သတ်မှတ်ချိန်အတွင်း အပြီးတည်ဆောက်ရတဲ့ အစိုးရတင်ဒါ အဆောက်အဦးနဲ့ လမ်းတံတား တည်ဆောက်ရေး လုပ်ငန်းတွေအတွက် လုပ်ငန်းပြီးစီးမယ့်အချိန် နောက်ကျသွားနိုင်တာကြောင့် ဒီအတွက် အစိုးရက ဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့ ပြဿနာရှိတယ်လို့ ဦးမျိုးမြင့်က ပြောပြပါတယ်။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနကတော့ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းဆိုင်ရာ ပုဂ္ဂလိက ဆိပ်ကမ်း၊ လေဆိပ်၊ လေကြောင်းလိုင်းနဲ့ ဆက်စပ်တဲ့ ကုမ္ဗဏီ၊ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေ စဉ်ဆက်မပြတ် ဆောင်ရွက်ဖို့ လိုတာကြောင့် မဖြစ်မနေ သွားရောက် တာဝန်ထမ်းဆောင်ရမယ့် ဝန်ထမ်းတွေကို Stay at Home ကနေ ခြွင်းချက်ပြုထား သူများထဲ ဖြည့်စွက်ပေးဖို့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြထားပါတယ်။
Credit: The Irrawaddy

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ