ချမ်းအေးသာစံမြို့နယ် တရားရုံးမှ အမှုရုပ်သိမ်းလိုက်တဲ့ ထောင်ပြေးမှုဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရသည့် UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်
ထောင်ပြေးမှုဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရသည့် UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်အား လဝက အက်ဥပဒေဖြင့်လည်း တရားစွဲဆိုထားရာ အဆိုပါအမှုအား အခြားတရားရုံးတွင်သာ ပြောင်းလဲစွဲဆိုနိုင်ရန် ချမ်းအေးသာစံမြို့နယ် တရားရုံးက နိုဝင်ဘာ၂၅ ရက်တွင် အမှုရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ဒီကနေ့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ဦးကျော်မြင့်ကို တရားစွဲတင်ထားတဲ့ လဝက ၁၃ (၁) အမှုနဲ့ ပတ်သက်ပြီး စွဲချက်တင်ရန် သင့် မသင့် ချိန်းဆိုထားတာပါ။ ဒါပေမယ့် ဒီနေ့မှာ မြို့နယ်ဥပဒေအရာရှိကနေပြီး အမှုရဲ့ တရားခံဘက်ကနေ ထုချေချက်အရ အမှုရဲ့ နယ်မြေစီရင်ပိုင်ခွင့်နဲ့ပတ်သက်လို့ အငြင်းပွား တဲ့အတွက် ဒီအမှုကို ဒီမြို့နယ်မှာ ဆက်လက် စစ်ဆေးခြင်းမပြုတော့ဘဲ တခြားမြို့နယ်မှာ ပြောင်းလဲစစ်ဆေးဖို့အတွက် အမှုရုပ်သိမ်း ခွင့်တင်ပြလျှောက်ထားတယ်။

ဒါကြောင့်မို့ တရားရုံးက စိစစ်ပြီးတော့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ အရ ရုပ်သိမ်းခွင့်ပြုပြီး ၄၉၄ (က)အရ စွဲချက်မတင်မီ ပြန်လွှတ်လိုက်တာပါ။ အဓိကဆိုလိုချင်တာက ဒီအမှုကို ဒီရုံးမှာ စီရင်ပိုင်ခွင့်မရှိကြောင်း အငြင်းပွားတဲ့အတွက် ဥပဒေအရာရှိက စီရင်ပိုင်ခွင့်ရှိသော တခြား တရားရုံးတစ်ခုခုကို ပြောင်းလဲတရားစွဲဆိုဖို့ အတွက် အမှုရုပ်သိမ်းခြင်းဖြစ်ပါတယ်” ဟု ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောကြားသည်။

UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်အား ထောင်ပြေးမှုဖြင့် တရားစွဲဆိုထားစဉ်ကလည်း ၎င်းအနေဖြင့် ထောင်ပြေးမဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး နဝတခေတ်က မတရားသဖြင့်ချ မှတ်ထားသည့်ပြစ်ဒဏ်ဖြစ်သဖြင့် ဒီမိုကရေစီ အစိုးရခေတ်၌ ၎င်းင်းပြစ်ဒဏ်မရှိတော့ကြောင်း၊ ၎င်းအနေဖြင့် ထွက်ပြေးခဲ့ခြင်း မဟုတ်ဘဲ အတူလမ်းလျှောက် ထွက်သည့်ရဲက ဘုန်းကြီးကျောင်းထဲတွင် ထားခဲ့သဖြင့် ဘုန်းကြီးနှစ်ပါးက ကားဖြင့်ခေါ်ပြီး မြဝတီသို့ ပို့ဆောင်ခဲ့သည်။

ထို့နောက် မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံမှတစ်ဆင့် နော်ဝေ၊ နော်ဝေမှ တစ်ဆင့် အမေရိကန်၊ အမေရိကန်မှတစ်ဆင့် ကနေဒါသို့ နေထိုင်ခဲ့ကြောင်း၊ မြန်မာပြည်ပြန် လာမည့်အချိန်တွင် သံရုံးအရာရှိများကို ပြန်လာခွင့်ရှိမရှိမေးခဲ့ရာ Black List မရှိသည့်အတွက် ဝင်ခွင့်ရှိကြောင်း ပြောကြားခဲ့သဖြင့် ပြန်လာခဲ့သည်။
ထို့နောက် နေပြည်တော် အကျဉ်းဦးစီးဌာနသို့ သွားရောက်ကာ ၎င်းထောင်ဒဏ်အား ရင်ဆိုင်ဖြေရှင်းရန် စာရွက်စာတမ်းများ တောင်းဆိုခဲ့သော်လည်း သူ့အား တရားစွဲဆိုခဲ့သည့် ထောက်လှမ်းရေး အဖွဲ့အစည်းမှာ ဖျက်သိမ်းခဲ့ပြီး ဖြစ်သောကြောင့် အမှုမရှိတော့ကြောင်း ပြောဆိုခဲ့ခြင်း စသည်တို့ကြောင့် ၎င်းအနေဖြင့် တရားဝင် ပြန်လာနေထိုင်ကြောင်း စသည်တို့ကို ထွက်ဆိုထားခဲ့ကြောင်း သိရသည်။
ဦးကျော်မြင့်ကို ထောင်ပြေးမှုဖြင့် တရားစွဲတင်ခဲ့ပြီး အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သည့် အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ် ကျခံစေရန် နိုဝင်ဘာ ၁၂ ရက်တွင် ချမ်းအေးသာစံမြို့နယ် တရားရုံးက အမိန့်ချမှတ်ထားသည်။
ဦးကျော်မြင့်သည် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံအက်ဥပဒေပုဒ်မ (၅)(ည)၊ ပြစ်မှု ပုဒ်မ ၁၈၉ တို့ဖြင့် ထောင်ဒဏ်ကိုးနှစ် ကျခံခဲ့ရသူဖြစ်ကာ အင်းစိန်ထောင်တွင် ထောင်ဒဏ်ခြောက်လ၊ မန္တလေး အိုးဘိုအကျဉ်းထောင်တွင် သုံးလ စုစုပေါင်း ကိုးလကျခံခဲ့ပြီးနောက် ၁၉၉၉ ခုနှစ် ဇန်နဝါရီလတွင်းက ဆေးရုံတက်ရောက် ကုသနေစဉ် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ၎င်းကို ချမ်းအေးသာစံ မြို့မရဲစခန်းတွင် (ပ) ၁၁၇/၁၉၉၉၊ ပြစ်မှုပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ထားခဲ့ပြီး ဖြစ်သဖြင့် ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သလို လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့်လည်း တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
Source: Eleven Media Group