ရန်ပွဲတွေနဲ့ ကိုဗစ်ကာလ ရွေးကောက်ပွဲ

Share ရန်


ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေသည့်အချိန်တွင် မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည်လုံးကျွတ် ရွေးကောက်ပွဲကိုလည်း နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု အစိုးရကထုတ်ပြန်ခဲ့သည်။ ကပ်ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထားသော်လည်း ရန်ကုန်တိုင်းဒေသကြီးမှလွဲပြီး အခြားသောမြို့နယ်များတွင် နိုင်ငံရေးပါတီဝန်းရံသူဟုဆိုသူများက အင်အားအများအပြားဖြင့် မဲဆွယ်စည်းရုံးမှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။

ကပ်ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထားသော်လည်း ရန်ကုန်တိုင်းဒေသကြီးမှလွဲပြီး အခြားသောမြို့နယ်များတွင် နိုင်ငံရေးပါတီဝန်းရံသူဟုဆိုသူများက အင်အားအများအပြားဖြင့် မဲဆွယ်စည်းရုံးမှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။

Party1

၂၀၁၅ ရွေးကောက်ပွဲကာလတွင် ကပ်ရောဂါဖြစ်ပွားမှုမရှိခြင်းကြောင့် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးမှုများကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ခဲ့သော်လည်း ၂၀၂၀ ပြည်လုံးကျွတ် ရွေးကောက်ပွဲတွင်မူ နိုင်ငံရေးပါတီများအတွက် COVID-19 ဆိုသည့်ရောဂါက အနှောင့်အယှက်ပေးနေသည်ဟု ဆိုရမည်ဖြစ်သည်။

သို့သော် အာဏာရအင်အားကြီးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြိုင်ဘက်အင်အားကြီးပါတီဟု ဆိုနိုင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှာမူ အခြားပါတီများထက် ထောက်ခံသူအင်အားပိုများခြင်းကြောင့် လှုံ့ဆော်ပွဲများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။

Nld2

မြန်မာတစ်နိုင်ငံလုံးတွင် ရောဂါပိုးမရှိသည့်နေရာ မရှိသလောက် ဖြစ်လာသော်လည်း မဲဆွယ်စည်းရုံးမှုများကို မော်တော်ယာဉ်များ၊ ဆိုင်ကယ်များနှင့် လူအင်အားထောင်ချီဖြင့် ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။ ယင်းသို့ လှည့်လည်မှုများကို နယ်ပယ်အသီးသီးက ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေများနှင့် နှိုင်းယှဉ်၍ ဝေဖန်လျက်ရှိသော်လည်း ထောက်ခံမဲဆွယ်မှုများမှာ ရပ်တန့်ခြင်း မရှိသေးပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အင်အားပြလှည့်လည်ခြင်းများကို ဆောင်ရွက်ခြင်းမပြုရန် မေတ္တာရပ်ခံသည့်စာတစ်စောင်ကို အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းစာတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ အွန်လိုင်းမှနေ၍ ပြည်သူသို့ပန်ကြားချက်နှင့် စည်းရုံးမှုများ၏ အကျိုးဆက်အဖြစ် အဖွဲ့ချုပ်ကို ထောက်ခံဝန်းရံသူများသည် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ဆိုက်ကားများ၊ စက်လှေသမ္ဗန်များအပြင် အခြားယာဉ်အမျိုးမျိုးဖြင့် အမြို့မြို့ အနယ်နယ်တွင် လှည့်လည်အင်အားပြသမှုများကိုလည်း အားရကျေနပ်ဖွယ် တွေ့ရှိရကြောင်း၊ ထောက်ခံဝန်းရံမှုအတွက်လည်း ကျေးဇူးအထူးတင်ရှိကြောင်းပါရှိသည်။

Party4

သို့သော် ထောက်ခံအားပေးသည့်အနေဖြင့် ယာဉ်အမျိုးမျိုးကို အသုံးပြု၍ အင်အားပြသမှုများသည် လူစုလူဝေးအသွင် ပေါ်ပေါက်သွားနိုင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် သွေဖည်သွားနိုင်သလို ပြည်သူအချို့၏ဝေဖန်မှုကို ဖြစ်ပေါ်စေနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းကြောင့် ပြည်သူလူထု၏ကျန်းမာရေးကို ရှေးရှု၍သော်လည်းကောင်း၊ ထုတ်ပြန်ထားသည့် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ ယာဉ်အမျိုးမျိုးဖြင့် စုဝေးလှည့်လည် အင်အားပြခြင်းများအား အဖွဲ့ချုပ်ကို ထောက်ခံဝန်းရံသူများအနေဖြင့် ယာယီဆိုင်းငံ့ထားကြရန် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။ သို့သော် ထောက်ခံအင်အားပြမှုများမှာ ရပ်တန့်ခြင်းမရှိခဲ့ပေ။

Party3

အလားတူ ပြိုင်ဘက်ပါတီတစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီမှလည်း ထိပ်ပိုင်းခေါင်းဆောင်များ ကိုယ်တိုင် နေပြည်တော်ကဲ့သို့နေရာမျိုးတွင် မဲဆွယ်စည်းရုံးခြင်းများကို လူအင်အားထောင်ချီဖြင့် ပြုလုပ်ခဲ့ကြသည်။ စက်တင်ဘာလလယ်ပိုင်းမှ စတင်၍ လှုပ်ရှားမှုများပြုလုပ်လာခဲ့ပြီး ကာလကြာလာသည့်အချိန်တွင် တစ်ဖက်နှင့်တစ်ဖက်ရန်ပွဲများ ဖြစ်ပွားခြင်း၊ အငြင်းပွားမှုများလည်း ရှိလာခဲ့သည်။

မဲဆွယ်စည်းရုံးမှုများတွင် အိုးအိမ်ဖျက်ဆီးခံရသည့် အခြေအနေများလည်း ရှိလာခဲ့ပြီး တန်ဖိုးအများအပြား ထိခိုက်ပျက်စီးခဲ့သည့် ဖြစ်စဉ်မှာ မြိုင်မြို့နယ် ကန်နီကျေးရွာတွင် အောက်တိုဘာ ၃ ရက်က ဖြစ်ပွားခဲ့သည်။ကန်နီကျေးရွာတွင် NLD ပါတီမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုမြင့်နိုင်၏နေအိမ်မှ လော်စပီကာများဖြင့် မဲဆွယ်စည်းရုံးရေးသီချင်းများကို နေ့ညဖွင့်လှစ်ခြင်းကြောင့် ဒေသခံများနှင့် အချင်းများ မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Party

လော်စပီကာဖြင့် နေ့စဉ်ရက်ဆက်ဖွင့်နေသဖြင့် ဒေသခံကျေးရွာသားတစ်ဦးက သွားရောက်တားမြစ်ရာမှ စကားများရန်ဖြစ်ခဲ့ကာ ကိုမြင့်နိုင်၏နေအိမ်ကို ကျေးရွာဒေသခံများက ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု အမှုဖွင့်လှစ်ထားခြင်းများအရ သိရသည်။ ယင်းဖြစ်စဉ်တွင် ကိုမြင့်နိုင်၏ နေအိမ်ဝင်းတံခါးများ၊ အသုံးအဆောင်ပစ္စည်းများ ဖျက်ဆီးခံရပြီး လာရောက်တားဆီးသည့် မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ စီးနင်းလာသည့် မော်တော်ယာဉ်အချို့လည်း ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။ ဒေသခံများဘက်မှ လူတစ်ဦးလည်း ရိုက်နှက်ခံခဲ့ရပြီး ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

ယင်းဖြစ်စဉ်တွင် ဓားဖြင့်အခုတ်ခံရပြီး နေအိမ်၊ ကား၊ ဆိုင်ကယ်နှင့် ပစ္စည်းများဖျက်ဆီးခံရသည့် ကိုမြင့်နိုင်က လူ ၃၃ ဦးအား ပုဒ်မ ၄၅၂၊ ၄၃၆ ၊ ၃၂၄၊ ၄၂၇၊ ၁၁၄ တို့ဖြင့် ပုဒ်မငါးခုဖြင့် လင်းကတောနယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ ရိုက်နှက်ခံရသည့် ကျေးရွာဒေသခံတစ်ဦးဘက်မှလည်း ပုဒ်မ ၁၁၄၊ ၂၉၄၊ ၃၂၄၊ ၃၂၅၊ ၅၀၆ တို့ဖြင့် ကန်နီကျေးရွာနေကိုမြင့်နိုင်ပါ ကိုးဦးအားအမှုပြန်ဖွင့်ခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၁၀ ရက်တွင်လည်း ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် တာဂွကျေးရွာတွင်လည်း NLD ပါတီထောက်ခံသူများနှင့် USDP ပါတီထောက်ခံသူများအကြား ပြဿနာဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၁၀ ရက်က USDP ပါတီအောင်နိုင်ရေးယာဉ်တန်းမှာ ဟင်္သာတမြို့ဘက်မှ တလုတ္ထော်မြို့ဘက်သို့ မောင်းနှင်လာစဉ် တာဂွကျေးရွာကားလမ်းအရောက်တွင် USDP ယာဉ်တန်းပေါ်ပါသူ တစ်ဦးက အဆိုပါနေရာ၌ သီချင်းဖွင့်နေသည့် NLD ပါတီဝန်းရံသူများအား ညစ်ညမ်းစွာဆဲဆိုသောကြောင့် သွားရောက်တားမြစ်ခဲ့သည်။

Party2

ထိုသို့တားမြစ်မှုအပေါ် မကျေမနပ် ဖြစ်ပြီးထပ်မံ၍ ညစ်ညမ်းစွာဆဲဆိုခြိမ်းခြောက်ပြီး ယာဉ်တန်းပေါ်ပါသူ အမျိုးသား ၃၀ ခန့်က အသင့်ပါလာသော ကျောက်ခဲ၊ တုတ်၊ လေးခွ၊ ဓားများ ကိုင်ဆောင်၍ ပစ်ပေါက်ရိုက်နှက်သောကြောင့် တရားလိုအပါအဝင် နစ်နာသူ ၁၁ ဦးတွင် နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လမ်းဆုံတွင် စိုက်ထူထားသော NLD ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေးဆိုင်းဘုတ်မှာလည်း ပေါက်ပြဲပျက်စီးခဲ့ကြောင်း NLD ပါတီ လူငယ်တာဝန်ခံ၏ ရဲစခန်းတိုင်ချက်၌ ဖော်ပြထားသည်။

NLD ပါတီဘက်မှလူများက မော်တော်ယာဉ်ကို စတင်တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းအား ယာဉ်မောင်းနှင်ခြင်းမပြုနိုင်ရန် ကန်ကျောက်ခြင်း၊ ပါတီဆိုင်းဘုတ်များကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု USDP ပါတီဘက်ကလည်း ပြန်လည်စွပ်စွဲခဲ့သည်။

“အစ်ကိုတို့ သိတာက ပြန်ပြောပြချက်တွေရယ်၊ ဗီဒီယိုတွေရယ် ကြည့်လိုက်တဲ့အခါမှာ သူတို့တွေက စပြီးတော့ ကားတွေကိုတားတယ်၊ သွားလို့မရအောင် လူတွေနဲ့ပိတ်တယ်။ မောင်းနေတဲ့သူကို ဝင်ပြီးခြေထောက်နဲ့ ကန်တယ်။ ကားတံခါးကို ရိုက်ခွဲရင်းနဲ့မှ ခဲတွေနဲ့ ပေါက်ရာကနေမှ လူတွေကိုထိခိုက်တယ်။ အဲဒီမှာတင် ဒီဘက်ကလူတွေကလည်း ခုန်ဆင်းပြီးတော့ အောက်ကခဲတွေနဲ့ ပြန်ပေါက်ကြတယ်” ဟု ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သတင်းတာဝန်ခံ ဦးဌေးဝင်းက ပြောကြားသည်။

ဖြစ်စဉ်တွင် NLD ပါတီ ဟင်္သာတမြို့နယ် လူငယ်တာဝန်ခံက USDP ပါတီယာဉ်တန်းတွင် ပါဝင်သူများအနက် ၂၆ ဦးအား အမှုဖွင့်ခဲ့ပြီး NLD ပါတီဘက်မှလည်း NLD ပါတီဘက်မှ လူငယ်တာဝန်ခံအပါအဝင် ၃၂ ဦးကို အမှုဖွင့်ခဲ့သည်။ ရွေးကောက်ပွဲကာလအတွင်း မဲဆွယ်စည်းရုံးမှုများလုပ်ဆောင်ရာတွင် တစ်ဖက်နှင့်တစ်ဖက်ခိုက်ရန် ဖြစ်ပွားခြင်းကြောင့် အဆိုးရွားဆုံးဖြစ်သည့် ဖြစ်စဉ်တစ်ခုမှာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာတွင် ဖြစ်ပွားခဲ့သည်။

USDP ပါတီတံဆိပ်ပါ အကျႌဝတ်ထားသူများက ဆိုင်ကယ်များကို ကန်ကျောက်ခြင်း၊ အိမ်များသို့ ခဲဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်နေသည့် ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။ ထို့ပြင် တုတ်ကိုင်ဆောင်ထားသည့် ပုံများမှာလည်း ပျံ့နှံ့ခဲ့သည်။

အောက်တိုဘာ ၂၂ ရက်က ကန့်ဘလူမြို့နယ်အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီကို ဝန်းရံထောက်ခံကြသူများက ယင်းမြို့နယ်အတွင်း၌ ဆိုင်ကယ်၊ ကား စသည့်ယာဉ်များဖြင့် ပါတီအလံများတပ်ဆင်ကိုင်ဆောင်၍ အောင်နိုင်ရေးသီချင်းများဖွင့်၍ အင်အားပြလှည့်လည်ခဲ့ကြသည်။

ထိုသို့အင်အားပြလှည့်လည်ခဲ့ကြရာ ကာဘိုးကျေးရွာသို့ ရောက်ရှိလာခဲ့ကြပြီးနောက် ကျေးရွာအတွင်း အင်အားပြလှည့်လည်ခဲ့ကြရာ NLD ပါတီကို ဝန်းရံထောက်ခံကြသူများကလည်း ပါတီအလံများကိုင်ဆောင်၍ ပြန်လည်အင်အားပြခဲ့ကြောင်း၊ ထိုသို့နှစ်ဖက်အပြန် အလှန်အင်အားပြသနေစဉ် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးကားမှာ ခဲဖြင့်ထုခံရသဖြင့် ကားနောက်မှန်ကွဲသွားခဲ့ကြောင်းသိရသည်။

ထိုသို့ ကားမှန်ကွဲသွားခဲ့ပြီးနောက် ခဲဖြင့်ထုခဲ့သူအချို့မှာ အနီးရှိနေအိမ်အတွင်းသို့ ဝင်ရောက်သွားသဖြင့် ခဲဖြင့်ထုခဲ့သူများကို အပြင်ထုတ်ပေးရန် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူအချို့က တောင်းဆိုခဲ့ကြောင်း ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူများက ပြောကြားသည်။

ယင်းသို့ အပြင်ထုတ်ပေးရန် တောင်းဆိုရာ မရသဖြင့် အဆိုပါနေအိမ်ကို ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများက ခဲများဖြင့် ပစ်ပေါက်ခြင်း၊ တုတ်များဖြင့် ပစ်ပေါက်ခြင်းတို့ ပြုလုပ်ခဲ့ကြပြီး အနီးရှိဆိုင်ကယ်များကို ထပ်မံဖျက်ဆီးခဲ့ကြောင်း၊ ကာဘိုးကျေးရွာအဝင်တွင် ဖွင့်လှစ်ထားရှိသည့် COVID-19 စစ်ဆေးရေးဂိတ်အတွင်းရှိ ထိုင်ခုံများကို ဖျက်ဆီးခြင်း၊ မောင်းတံဂိတ်ကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ကန့်ဘလူမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရသိရသည်။

ယင်းသို့ ကန့်ဘလူမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရသူမှာ အောက်တိုဘာ ၂၄ ရက်တွင် သေဆုံးခဲ့သည်။ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်စဉ် ပဋိပက္ခဖြစ်ပွားပြီး လူတစ်ဦး သေဆုံးခဲ့ခြင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလအတွင်း ပထမဆုံးဖြစ်စဉ်တစ်ခုပင် ဖြစ်သည်။ ပဋိပက္ခဖြစ်ပွားမှုများရှိလာသည့်အချိန်တွင် အောက်တိုဘာ ၁၆ ရက်၌ နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၂၇/၂၀၂၀ ကို ထုတ်ပြန်ခဲ့သည်။

ယင်းအမိန့်မှာ ရွေးကောက်တင်မြှောက်မှုဆိုင်ရာ အခွင့်အရေးများကို ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းများ၊ အသွင်အမျိုးမျိုးဖြင့် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြု၍ စည်းရုံးခြင်း၊ ဆူပူမှုဖြစ်အောင် ဖန်တီးခြင်း၊ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားအောင် ကြံဆောင်ခြင်းများ စသည့်တရားမဲ့ပြုကျင့်မှုများကို တွေ့ရှိရကြောင်း ရေးသားထားသည်။

ထို့ကြောင့် သက်ဆိုင်ရာ ပြည်ထောင်စုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ယင်းတို့၏ လက်အောက်ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် တရားဥပဒေစိုးမိုးရေးကို အဓိကထားပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်ကြရန်ဖြစ်ကြောင်း အမိန့်တွင် ဆက်လက်ရေးသားထားသည်။ အောက်တိုဘာ ၂၃ ရက်တွင် အာဏာရပါတီ NLD ၏ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီကလည်း ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်း
NLD အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးကား ကန့်ဘလူမြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပြီး လူများစွာဒဏ်ရာရခဲ့

ဝန်းရံသူများအနေဖြင့် အင်အားပြလှုပ်ရှားရာတွင် အခြားပါတီများနှင့်လည်း ရံဖန်ရံခါထိပ်တိုက် တွေ့ဆုံမှုများရှိခဲ့ပြီး ပြဿနာအမျိုးမျိုး ဖြစ်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ကြောင်း၊ ဖြစ်စဉ်အများစုမှာလည်း တစ်ဖက်အဖွဲ့အစည်းများ၏ လွန်ကဲသောအပြုအမူများကြောင့် ဖြစ်ပွားခဲ့သည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဖွဲ့ချုပ်အနေဖြင့် ပြဿနာကြီးငယ်မဟူ “အကြမ်းမဖက်သော မူဝါဒ” ကို တစိုက်မတ်မတ် စောင့်ထိန်းခဲ့သကဲ့သို့ အဖွဲ့ဝင်များကလည်း တတ်စွမ်းသမျှ အခြေအနေ ထိန်းသိမ်းခဲ့သည်ကို ဂုဏ်ပြုအသိအမှတ်ပြုအပ်ကြောင်း၊ ရွေးကောက်ပွဲကြီး ကျင်းပရန်နီးကပ်သောကာလအတွင်း အဖွဲ့ချုပ်က ထာဝစဉ်ကိုင်စွဲထားသည့် အကြမ်းမဖက်မူဝါဒအတိုင်း ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းများကို မမှိတ်မသုန်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အလားတူ ပြဿနာဖြစ်ပွားမှုများ ခပ်စိတ်စိတ်ဖြစ်လာသည့်အချိန်တွင် USDP ဘက်မှလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (ငြိမ်း) က ပါတီဝင်များကို ပြောကြားမှုတစ်ခု ရှိခဲ့သည်။ ရွေးကောက်ပွဲမှာ အတော်ပင်နီးနေပြီဖြစ်ကြောင်း၊ သန့်သန့်ရှင်းရှင်းနှင့် ယှဉ်ပြိုင်ကြရန် လိုအပ်ကြောင်း၊ ရှုံးတာနိုင်တာကတော့ ရှိမှာပင်ဖြစ်ကြောင်း၊ နိုင်ရင်လည်း ဝမ်းမသာနဲ့ ရှုံးရင်လည်း စိတ်မပျက်နဲ့ဟု ပြောလိုကြောင်း၊ တိုင်းပြည်ကောင်းဖို့အတွက် မည်သူပဲလုပ်လုပ်၊ တိုင်းပြည်ကောင်းအောင် လုပ်ဖို့သာ အရေးကြီးကြောင်း ဦးသိန်းစိန်က ပြောကြားသည်။

စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲခဲ့သည့် မြန်မာနိုင်ငံအနေဖြင့် ပြည်လုံးကျွတ် ရွေးကောက်ပွဲကို ကျင်းပထားသည်မှာ နှစ်ကြိမ်သာရှိခဲ့သည့်အချိန်တွင် ပါတီဝန်းရံသူများအကြား ပြဿနာဖြစ်ပွားမှုများ ပေါ်ပေါက်လာနေသည်ကို တွေ့ရသည်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ရောဂါကြောင့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို စိတ်တိုင်းကျ မလုပ်နိုင်သည့်အချိန်တွင် မြေပြင်၌ ပါတီဝင်များ၏ ထိပ်တိုက်တွေ့ဆုံမှုများမှာ ရှိလာခဲ့ရာ လူသေဆုံးမှုတစ်ခု စတင်ဖြစ်ပွားလာခဲ့သဖြင့် သွေးစွန်းသောရွေးကောက်အခြေအနေသို့ ဖြစ်မလာစေရန် တားဆီးရမည်မှာ အစိုးရ၏ တာဝန်ဖြစ်သကဲ့သို့ သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၏ ထိန်းသိမ်းနိုင်စွမ်းမှာလည်း အရေးကြီးသည်ဟု ဆိုရမည်ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် ပါတီဆိုင်းဘုတ်ဖျက်ဆီးခံရခြင်းများသာ ရှိခဲ့ သော်လည်း ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလတွင်မူ ပြဿနာဖြစ်ပွားမှု များလာသည်ကို တွေ့ရသည်။

လက်ရှိဖြစ်ပွားနေသည့် ပြဿနာများတွင် ပါတီဝန်းရံသူဟု နာမည်ခံထားသော်လည်း ဖြစ်လာသည့် ကိစ္စမှန်သမျှမှာ နိုင်ငံရေးပါတီများ၏ တာဝန်မကင်းဟု ပြောရမည်ဖြစ်သည်။ အစိုးရအနေဖြင့်လည်း ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် အကြမ်းဖက်မှုမှန်သမျှကို ကိုင်တွယ်ရာတွင် ပြတ်ပြတ်သားသား ကိုင်တွယ်ရမည်ဖြစ်သည်။

အမုန်းတရားများ ဖြန့်ဝေကာ မမှန်ဝါဒဖြန့်ခြင်းများကြောင့် အကြမ်းဖက်မှုများကို ဦးတည်စေသကဲ့သို့ ရွေးကောက်ပွဲကျင်းပချိန်တွင် တည်ငြိမ်အေးချမ်းရေးအတွက် အနှောင့်အယှက်တစ်ခု ဖြစ်မလာစေရန် နိုင်ငံရေးပါတီများနှင့် အစိုးရတို့အကြား ထိန်းသိမ်းကြပ်မတ်ရမည့် တာဝန်တစ်ခုလည်းဖြစ်သည်။
Source: Eleven Media Group

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ