နိုင်ငံတကာတွင် COVID-19 ရောဂါအခြေအနေကို ထိန်းထားနိုင်ခြင်းက နိုင်ငံ၏ဆင်းရဲချမ်းသာခြင်းနှင့် မဆိုင်ဘဲ ပြည်သူများ စည်းကမ်းလိုက်နာခြင့်နှင့်သာ ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Share ရန်


နိုင်ငံတကာတွင် COVID-19 ရောဂါအခြေအနေကို ထိန်းထားနိုင်ခြင်းက နိုင်ငံ၏ဆင်းရဲချမ်းသာခြင်းနှင့် မဆိုင်ဘဲ ပြည်သူများ စည်းကမ်းလိုက်နာခြင့်နှင့်သာ ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ယနေ့ (အောက်တိုဘာ ၂ ရက်) ညပိုင်းက ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

Aung San Suu Kyi Said Covid 19 Infection Is Not Depend On Country Wealth (3)

“ကျွန်မတို့ COVID ရောဂါနဲ့ ပတ်သက်ပြီး နိုင်ငံတကာသတင်းတွေကို လေ့လာမယ် ဆိုရင်လည်း တခြားနိုင်ငံတွေမှာလည်း တော်တော်ပြန့်နေတယ် ဆိုတာတော့ သတိပြုမိမယ်လို့ ထင်ပါတယ် ရှိပါတယ်။ ဒုတိယလှိုင်းပေါ့။ တချို့က တတိယလှိုင်းတောင်ရောက်ပြီလို့ ခန့်မှန်းတဲ့သူတွေ။ တချို့နိုင်ငံတွေမှာတော့ ဒုတိယလှိုင်း၊ တချို့နိုင်ငံတွေမှာတော့ ရောဂါအခြေအနေကို ထိန်းထားနိုင်တယ်။ ရောဂါအခြေအနေကို ထိန်းထားနိုင်တယ်ဆိုတာ ဘာကြောင့် ထိန်းထားနိုင်လဲလို့ ကြည့်လိုက်ရင် နိုင်ငံချမ်းသာတာနဲ့လည်း မဆိုင်ဘူး။ ဆင်းရဲတာနဲ့လည်း မဆိုင်ဘူး။ နောက်ဆုံးကျတော့ ပြည်သူတွေ စည်းကမ်းရှိမှု၊ ပြည်သူတွေ စည်းမျဉ်းစည်းကမ်းလိုက်နာမှုနဲ့ပဲ ဆိုင်တယ်ဆိုတာ ထပ်ပြီး ကျွန်မသတိပေးပါရစေ”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

COVID ရောဂါပြန့်ပွားမှုကို ကာကွယ်နိုင်သည့် အကောင်းနည်းလမ်းနှင့် အရိုးရှင်းဆုံး နည်းလမ်းသည် လူစုလူဝေးဖြင့် ထိတွေ့ရမှုမရှိအောင် သီးသန့်နေရန်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

Aung San Suu Kyi Said Covid 19 Infection Is Not Depend On Country Wealth (5)

“အဲဒီတော့ ကိုယ့်အိမ်မှာ ကိုယ်နေပါ။ မလိုအပ်ဘဲ မထွက်ပါနဲ့။ မလိုအပ်ဘဲနဲ့လည်း ဧည်သည့်တွေ လက်မခံပါနဲ့။ ဒါလည်းကျွန်မပြောပြီးပါပြီ။ ထပ်သတိပေးပါရစေ။ ကိုယ်မထွက်ရုံနဲ့ မပြီးသေးဘူး။ ကိုယ်ကတော့ အိမ်မှာထိုင်နေပြီး ဧည်သည့်တွေ ဒလဟော လာနေတယ်ဆိုရင် အပြင်မှာထွက်တာနဲ့ အတူတူပါပဲ။ မလွှဲမရှောင်သာလို့ ထွက်တယ်ဆိုရင် ထွက်တဲ့အခါမှာ Mask တပ်ပါ။ နောက်ပြီးတော့ လက်အိတ် ဝတ်နိုင်ရင်ဝတ်ပါ။ လက်အိတ် မဝတ်ဘူးဆိုရင်လည်း ပြန်လာတာနဲ့ လက်ဆေးတာ သေသေချာချာ သန့်စင်အောင်လို့ စက္ကန့် ၂၀ လက်ဆေးပါ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် သွားလာချိန်တွင် လက်သန့်စေသည့် ဆေးရည်ဗူးများ ယူဆောင်သွားပြီး မကြာခဏ ဆေးစေလိုကြောင်း၊ အတက်နိုင်ဆုံး ခြောက်ပေခွာ နေထိုင်ပါက အကာအကွယ်များစွာ ရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

Aung San Suu Kyi Said Covid 19 Infection Is Not Depend On Country Wealth (2)

လက်ရှိတွင် COVID-19 ရောဂါနှင့် ပတ်သက်၍ ရောဂါလက္ခဏာရှိသဖြင့် လာရောက်စစ်ဆေးသူများတွင် ၂၃ ဒသမ ၆ ရာခိုင်နှုန်း၊ ရောဂါရှိသူနှင့် ထိတွေ့မှုရှိ၍ အစစ်ခံခဲ့သူများတွင် ၁၈ ဒသမ ၉ ရာခိုင်နှုန်း၊ ပြည်ပ သို့မဟုတ် ရောဂါပြန့်ပွားနေသည့် ပြည်တွင်းနေရာမှ လာသူများကို စစ်ရာတွင် ၁ ဒသမ ၈ ရာခိုင်နှုန်း စသဖြင့် အသီးသီး ရောဂါပိုးတွေ့ရှိသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။

COVID-19 ရောဂါနှင့်ပတ်သက်၍ နိုင်ငံတော်အစီအစဉ်ဖြင့် ကိုရီးယားနိုင်ငံမှ ဝယ်ယူထားသည့် Test Kit လေးသိန်းကျော်ပြီ ဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်မှစကာ ရန်ကုန်တိုင်းဒေသကြီးတွင် စတင်အသုံးပြုနေပြီ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

အဆိုပါ Test Kit များနှင့် ပတ်သက်၍ မြို့နယ်၊ ခရိုင် ဆေးရုံများတွင် စတင်အသုံးပြုနေပြီး အခြားတိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း ဖြန့်ပြီးသုံးရန် စီစဉ်မည်ဖြစ်ကြောင်းနှင့် မြန်မြန်ဆန်ဆန် သိခြင်းကြောင့် ပထမပိုင်းတွင် ပိုပြီးများမည်ဟု ထင်မြင်ရသော်လည်း ပိုပြီးထိရောက်သည့် ကုသမှုများ ပေးနိုင်မည်ဆိုသည်ကို ပြည်သူများ နားလည်စေချင်ကြောင်း၊ အန့ံမရသည့် လက္ခဏာများပေါ်ပါက စောစီးစွာ အစစ်ခံလျှင် ရောဂါသည် မဆိုးရွာနိုင်သော်လည်း ရောဂါစစ်ဆေးချိန် နောက်ကျပါက ပိုမိုကုသရခက်ကြောင်း ၎င်းက ပြောကြားသည်။
Source: Eleven Media

Share ရန်
Myint Mo

Myint Mo

စာရေးရာမှာ ဝါသနာပါပြီး အချက်အပြုတ်လည်း ကျွမ်းကျင်သူဖြစ်သည်။ ဓါတ်ပုံရိုက်တာကို စိတ်ဝင်စားပြီး ခရီးသွားရတာကိုလည်း ကြိုက်နှစ်သက်သူ ဖြစ်သည်။

ဆက်စပ်သတင်းများ