မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများ ကပ်ရောဂါကာလအတွင်း ပိုမိုလုပ်ဆောင်လာကြကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ပြောကြား
ကပ်ရောဂါကာလအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများ ပိုမိုလုပ်ဆောင်လာကြကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက ပြောကြားသည်။
နိုဝင်ဘာ ၂၄ ရက်က ပြုလုပ်သည့် (၂၂) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပရာတွင် ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံရဲတပ် ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက မြန်မာ-ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို COVID-19 ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် Online စနစ်ဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကပ်ရောဂါကာလအတွင်း ခရီးသွားလာမှုကန့်သတ်ခြင်းကို နိုင်ငံအသီးသီးက ဆောင်ရွက်နေချိန်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများ ပိုမိုလုပ်ဆောင်လာကြသည်။

အထူးသဖြင့် ရေလမ်းကြောင်းအသုံးပြု သယ်ဆောင်မှု များပြားလာသည်ကို နိုင်ငံတကာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ဖြစ်စဉ်များတွင် တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်နှင့် အခြေအနေအမျိုးမျိုးကို အခွင့်ကောင်းရယူပြီး ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြသည်ဟု သုံးသပ်ရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် (၆၂) ကြိမ်မြောက် CND အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သော Political Declaration နှင့် Plan of Action t& Target သတ်မှတ်ပေးခဲ့သည့်အချက်များအပေါ် ရလဒ်ကောင်းများနှင့် တိုးတက်အောင်မြင်မှုများ ပြသနိုင်ရန် အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ တားဆီးနှိမ်နင်းရေးကဏ္ဍတွင် အောင်မြင်မှုများ ရရှိခဲ့သော်လည်း အခြားကဏ္ဍများ၌ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါသည်။

ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ပတ်သက်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိန်းချုပ်ဓာတုပစ္စည်းများတွင် မပါဝင်သည့် အခြားဓာတုပစ္စည်းပုံစံပြောင်း၍ P2P များ ထုတ်လုပ်တင်သွင်းလာမှုများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါး အသွင်ပြောင်းထုတ်လုပ်နိုင်သည့် ဓာတုဗေဒပညာရပ်များနှင့် ဓာတုပစ္စည်းများ၏ လေ့လာတွေ့ရှိချက်များကို ဆက်လက်ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့ပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ဆက်စပ်ချိတ်ဆက်နေသည့်ကဏ္ဍများကို ဟန်ချက်ညီ တိုက်ဖျက်သွားနိုင်ရေးအတွက် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပိုမိုမြှင့်တင် ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို လက်တွဲပူးပေါင်း ဆောင်ရွက်သွားရန် အမြဲအသင့်ရှိနေပါသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများအပြင် ထိန်းချုပ်ဓာတုပစ္စည်းများ အသွင်ပြောင်း ပရီကာဆာများ တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်လိုသည့် အစီအစဉ်များနှင့် အကြံဉာဏ်ကောင်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ၎င်းက ပြောကြားသည်။
အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူးမြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယရဲ ဗိုလ်ချုပ်ကြီးအောင်ဝင်းဦး ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမူးယစ်ဆေး၀ါး ထိန်းချုပ်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Mr.Wichai Chaimongkhon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
Source: Eleven Media Group