ပဟေဠိဆန်လွန်းတဲ့ Covid-19 ကူးစက်ပုံကို စုံစမ်းစစ်ဆေးနိုင်ခြင်း
- စင်ကာပူသတင်း
Myint Mo
- March 3, 2020
- 278
လက်ရှိ Covid-19 ရောဂါကူးစက်ပျံ့ပွါးစဉ်မှာ ဆေးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြည့်စုံရုံနဲ့တင် မလုံလောက်ဘူးဆိုတာကို စင်ကာပူရဲ့Covid-19 အကြီးဆုံး Cluster ဖြစ်တဲ့ Grace Assembly Church ကို စစ်ဆေးစဉ်မှာ အစိုးရအနေနဲ့ကောင်းကောင်းသဘောပေါက်လိုက်ပါတယ်။
ကျန်းမာရေးဆိုင်ရာ ဖြည့်စည်းမှုဆိုတာကတော့ ရောဂါကာကွယ်တားဆီးရေးနဲ့ ကူးစက်ခံရစဉ်မှာ ကုသပျောက်ကင်းရေးအတွက်တော့ ပြည့်ပြည့်ဝဝစွမ်းဆောင်နိုင်ဆဲပါ။ ဒါနဲ့ မလုံလောက်ဘူးဆိုတာကို နိုင်ငံအတော်များများ သဘောပေါက်သည့်တိုင် (Contact Tracing) ထိတွေသူများ ဖော်ထုတ်ရေးနဲ့ အစပျိုးတဲ့နေရာ (Cluster Population) ရှာဖွေရေးတို့အတွက် ထိထိရောက်ရောက်လုပ်နိုင်ဖို့ ခက်ခဲနေဆဲပါ။
စင်ကာပူမှာ Covid-19 ရောဂါကူးစက်မှုကို Contact Tracing နဲ့ Cluster Population ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်မှုနဲ့ ထိထိရောက်ရောက် လုပ်နိုင်တာကို တွေ့နေရပါတယ်။
အဓိကပါဝင်တဲ့ အဖွဲ့အစည်းတွေကတော့
- ကျန်းမာရေး ဝန်ကြီးဌာန
- စင်ကာပူ ရဲတပ်ဖွဲ့
- ဓာတ်ခွဲခန်းစမ်းသပ်သည့် အဖွဲ့အစည်းများ
- Cluster Population လေ့လာတဲ့ အဖွဲ့အစည်းများ
ဘာကြောင့် ရောဂါပိုးကူးစက်မှုကို ရဲတပ်ဖွဲ့လည်း ပါဝင်လုပ်ဆောင်နေရတယ်ဆိုတာ နားမလည်သူတွေအတွက်တော့ထူးဆန်းနေပါလိမ့်မယ်။
ရောဂါကူးစက်ခံရသူတွေကို ကျန်းမာရေးဝန်ထမ်းများမှ မေးမြန်းစုံစမ်းရုံလောက်နဲ့ သူတို့တွေ ဘယ်နေရာသွားခဲ့တယ်၊ ဘယ်သူတွေနဲ့ အနီးကပ်ထိတွေ့ခဲ့တယ်၊ ဘာတွေ လုပ်ခဲ့ကြတယ်ဆိုတာကို အပြည့်အစုံ မသိနိုင်ပါဘူး။
ဒါကလည်း လူ့ သဘာဝအရ စိုးရိမ်ပူပန်မှုတွေနဲ့ အတူ ရောဂါခံစားနေရစဉ်မှာ မှန်မှန်ကန်ကန်ထွက်ဆိုနိုင်မယ်လို့ တထစ်ချယူဆလို့မရနိုင်ပါဘူး။
ဖုံးကွယ်မှုများ၊ မမှန်မကန်ထွက်ဆိုတာတွေ ရှိနိုင်မယ်ဆိုတာကို ကောင်းကောင်းသိထားတဲ့စင်ကာပူက အာဏာပိုင်တွေဟာ မှုခင်းစုစမ်းစစ်ဆေးမှုနဲ့ ခြေရာခံမှုတွေကို ကျွမ်းကျင်ပိုနိုင်တဲ့ ရဲတပ်ဖွဲ့ကို အခုလို စစ်ဆေးရာမှာ တာဝန်ပေးလိုက်တာပါဘဲ။
စင်ကာပူရဲ့ နေရာတိုင်းနီးပါး အထူးသဖြင့် လူနေထူထပ်တဲ့ နေရာတွေမှာ CCTV များ တတ်ဆင်ထားခြင်း၊ လူထုခရီးသွားစနစ်မှာ အသုံးပြုတဲ့လက်မှတ်နဲ့ ငွေပေးချေတဲ့စနစ်၊ စျေးဆိုင်တွေမှာ ဝယ်ယူတဲ့အခါမှာလည်း အသုံးပြုကြတဲ့ Nets နဲ့ Credit card စနစ်တွေဟာလည်း အခုလို စစ်ဆေးတဲါအခါမှာ အထောက်အကူပေးပါတယ်။ ဒီစနစ်တွေကြောင့်လည်း ဘယ်သူဟာ ဘယ်နေရာကို ရောက်ခဲ့တယ်ဆိုတာ ခြေရာခံဖို့ လွယ်ပါတယ်။
အများပြည်သူနေထိုင်ရာ HDB၊ ကိုယ်ပိုင်လူနေအိမ်များ၊ MRT၊ ဟိုတယ်၊ Shopping mall အပါအဝင် လမ်းမ၊ လမ်းဆုံတွေမှာ နေရာမလပ်တတ်ဆင်ထားတဲ့ CCTV တွေရဲ့ မှတ်တမ်းကို စင်ကာပူရဲတပ်ဖွဲ့အနေနဲ့ တရားဝင်စုံစမ်းစစ်ဆေးရာမှာ ကြည့်ရှုခွင့်ရှိပါတယ်။
ဒါကြောင့်လည်း ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်ကို မလိုက်ခဲ့တဲ့ ပြည်ကြီးတရုတ်လင်မယားကို အချက်အလက်အထောက်အထားအပြည့်အစုံနဲ့ ကူးသက်ရောဂါပျံ့ပွါးရေးဆိုင်ရာအက်ဥပဒေအရ စင်ကာပူမှာ အရေးယူနိုင်တာပါ။
Credit - Tin Min