မြန်မာနိုင်ငံတွင်း၌ တရုတ်နိုင်ငံထုတ် တရားမဝင် COVID-19 ကာကွယ်ဆေးများ ရောင်းဝယ်မှုရှိနေ

Share ရန်


ပြည်တွင်း၌ တရုတ်နိုင်ငံထုတ် တရားမဝင် COVID-19 ကာကွယ်ဆေးများ ရောင်းဝယ်မှုရှိနေ၍ တင်သွင်းရောင်းချခြင်း မပြုရန် အောက်တိုဘာ ၁၄ ရက်က မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းက ဆေးဝါးနှင့် ဆေးပစ္စည်းရောင်းချသူများကို အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါအသိပေးကြေညာချက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အတည်မပြုသေးသော တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများအား တရားမဝင်စျေးကွက်ရှာဖွေနေခြင်းနှင့် ပတ်သက်၍ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှရည်ညွှန်းချက်(၁) ပါစာနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ရည်ညွှန်းချက်(၂)ပါ စာတို့အရ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ရည်ညွှန်းချက်(၃)ပါစာဖြင့် အကြောင်းကြားလာခြင်းဖြစ်သည်။

China 5

ထိုအကြောင်းကြားစာတွင် ဆေးဝါးနှင့်ဆေးပစ္စည်း ရောင်းချသူများအနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် တရုတ်နိုင်ငံမှထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများကို တင်သွင်းရောင်းချခြင်း၊ သုံးစွဲခြင်းလုံးဝမပြုလုပ်ကြရန် အသိပေးအကြောင်းကြားထားသည်။

လက်ရှိအထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြု ထောက်ခံသော COVID-19 ကာကွယ်ဆေး မရှိသေး၍ အွန်လိုင်းစျေးကွက်တွင် ကြေညာနေသော ကာကွယ်ဆေးများကို ဝယ်ယူသုံးစွဲခြင်း မပြုကြရန် အောက်တိုဘာ ၁ ရက် ရက်စွဲဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်သူများသို့ အသိပေးချက် ထုတ်ပြန် ကြေညာခဲ့သည်။

China2 5

ကာကွယ်ဆေးအသစ် တစ်မျိုးမျိုးကို စတင်အသုံးပြုနိုင်ရန်အတွက် ကာကွယ်ဆေး၏ သက်ဆိုင်ရာ ရောဂါကို ကာကွယ်နိုင်သော အာနိသင်ရှိမရှိ၊ လုံလောက်သော ပဋိပစ္စည်း ထုတ်လုပ်နိုင်ရန် လှုံ့ဆော်ပေးနိုင်စွမ်း ရှိမရှိ၊ ဘေးထွက်ဆိုးကျိုး မရှိဘဲ ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရမှုရှိမရှိ သိရန်လိုအပ်သည်။

ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်မှုပေးနိုင်သည့် အချိန်ကာလ၊ ထိုးနှံတိုက်ကျွေးရမည့် ကာကွယ်ဆေးပမာဏနှင့် အကြိမ်အရေအတွက်၊ ဓာတ်ခွဲခန်းတွင်သာမက လက်တွေ့အပြင်လောက၌ အသုံးပြုရာတွင်လည်း ထိရောက်စွာ ကာကွယ်နိုင်သည့် အစွမ်းအာနိသင်ရှိမရှိ စသည်တို့ကို သိရှိနိုင်ရန်လိုအပ်သည်။

China4 5

ထို့ပြင် ပြီးပြည့်စုံရန်အတွက် ပထမဦးစွာ ဓာတ်ခွဲခန်းအတွင်းနှင့် တိရစ္ဆာန်များတွင် စမ်းသပ်ခြင်း အဆင့်များ၊ ထို့နောက် လူများတွင် စနစ်တကျလက်တွေ့စမ်းသပ်သုတေသန ပြုလုပ်သည့်အဆင့် (၃)ဆင့် (3 Phases of Clinical Trial) နှင့် အသိအမှတ်ပြု လိုင်စင်ရရှိပြီး စျေးကွက်တွင် ရောင်းချပြီး နောက်တွင်လည်း ဆက်လက်စောင့်ကြပ်ကြည့်ရှု လေ့လာခြင်းများကို တစ်ဆင့်ပြီးတစ်ဆင့် အချိန်ယူကာ စနစ်တကျ ဆောင်ရွက်ရကြောင်း သိရသည်။

China1 6

ယခုဖြစ်ပွားလျက်ရှိသော COVID-19 ကပ်ရောဂါအတွက် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် ယခုအချိန်အထိ မည်သည့်နိုင်ငံ၊ မည်သည့် ဆေးကုမ္ပဏီမှ ထုတ်လုပ်သော ကာကွယ်ဆေး တစ်မျိုးမျိုးတွင်မျှ တတိယအဆင့် လက်တွေ့စမ်းသပ် သုတေသနပြုမှု (Phase 3 Clinical Trial) ကို ပြီးမြောက်ခြင်း မရှိသေးကြောင်းနှင့် ယခုအချိန်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြု ထောက်ခံသော COVID-19 ကာကွယ်ဆေး WHO Prequalified Vaccine မရှိသေးကြောင်း သိရသည်။

သို့ဖြစ်၍ ပြည်သူများအနေဖြင့် လူမှုကွန်ရက်များ၊ အင်တာနက်စာမျက်နှာများနှင့် အွန်လိုင်းစျေးကွက်များတွင် ကြေညာနေသော COVID-19 ကာကွယ်ဆေးများကို ဝယ်ယူသုံးစွဲခြင်းမပြုရန် အသိပေးအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးချက် ထုတ်ပြန်ထားသည်။

ကမ္ဘာတွင် ကာကွယ်ဆေးထုတ်လုပ်မှု၌ ပမာဏအားဖြင့် အများဆုံး ထုတ်လုပ်နေသည့် Serum Insititute of India (SII) နှင့် သဘောတူညီချက် ရရှိထားမှုကို နှစ်ဆတိုးရန် သဘောတူခဲ့ပြီးနောက် ဆင်းရဲသော နိုင်ငံများအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး နောက်ထပ် သန်း ၁၀၀ ကို ၂၀၂၁ ခု နှစ် မတိုင်မီ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း GAVI က အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Covax အစီအစဉ်အရ ရှေ့နှစ်ကုန်၌ ကာကွယ်ဆေး နှစ်ဘီလျံကို ဖြန့်ဖြူးပေးရန် ရည်မှန်းထားပြီး ဝင်ငွေနိမ့် နိုင်ငံနှင့် နယ်မြေဒေသ ၉၂ နိုင်ငံအား ကာကွယ်ဆေးများ ထောက်ပံ့ပေးရန် လိုအပ်သော ရန်ပုံငွေရရှိရေးကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကြိုးပမ်းနေကြောင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ကိုးမျိုးခန့်သည် နောက်ဆုံးအဆင့် စမ်းသပ်မှုကို ဆောင်ရွက်နေကြပြီ ဖြစ်ကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားထားသည်။
Credit: Eleven Media Group

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ