ထက်ထက်ကလက်ရှိမှာ ကောင်းတာတွေလုပ်လို့ အောင်မြင်တာပါ ဆိုတဲ့ ခန့်စည်သူ
အနုပညာလောကမှာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်အနေနဲ့ လူကြိုက်များနေတဲ့ မင်းသားခန့်စည်သူနဲ့ခဏတာ….
ဒီနှစ်ကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာရှိတဲ့ ဝန်ထမ်းတွေဟာ လစာလည်းနည်းတယ်။ ကိုဗစ်ကာလမှာတော်တော်လေး အဆင်မပြေဖြစ်ကြပါတယ်။ အဲကြောင့် လှူဖြစ်တာပါ။ မနှစ်ကလည်း လှူဖြစ်ပါတယ်။ အသုံးအဆောင်လေးတွေ၊ ရွှေနားကပ်လေးတွေ၊ ကလစ်လေးတွေနဲ့ ဘီးကုတ်လေးတွေ ပေးဖြစ်တာပါ။ ဒီနှစ်ကတော့ ဦးဆောင်သက်တမ်းကလည်း ကုန်ပြီဆိုတော့ မကြာမီ ရွေးကောက်ပွဲပြန်လုပ်တော့မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ စပြီဆိုတာနဲ့ ဦးဆောင်အသစ်တွေလာတော့မှာ။ ကျွန်တော်တို့သက်တမ်းအတွင်းမှာ ဒီဝန်ထမ်းတွေကလည်း သူတို့နိုင်သလောက် အလုပ်ကြိုးစားတဲ့အတွက် ပြန်ကြည့်ပေးတာပါ။ ရုပ်ရှင်အစည်းအရုံးကလည်း ရပ်သလိုဖြစ်သွားတယ်။ အဲအတွက် ဗီဒီယိုကားတွေတင်နိုင်ဖို့အတွက် ပလက်ဖောင်းအသစ် ရှာရမှာပေါ့။ လက်ဆင့်ကမ်းမယ့် ဦးဆောင်အဖွဲ့အသစ်က တော်တော်လေး လှုပ်ရှားရမှာပါ။

နောက်လာမဲ့အဖွဲ့ကလည်း ဘယ်သူတွေမှန်းတော့ မသိပါဘူး။ ကျွန်တော်တို့က ကိုယ်တတ်နိုင်သလောက်လေး ရုပ်ရှင်လောကကို ပြန်လည်အကျိုးပြုတဲ့သဘောပါပဲ။ ထက်ထက်ကိုတော့ လူကိုယ်တိုင်လာစေချင်ပါတယ်။ ဒါပေမယ့် သူကတော့ မလာဖြစ်ဘူး။ အလုပ်တွေအရမ်းများနေတယ်။

သူလည်း ဇက်ကြောတက်တာတို့ ဖြစ်နေတော့ နားလည်ပါတယ်။ သူလည်း စိတ်ရှိလို့ ပူးပေါင်းပြီး လှူပေးတာပေါ့။ ကိုယ်နဲ့အတူ လုပ်ဖော်ကိုင်ဖက် ညီမလေးပါပဲ။ အလုပ်တစ်ခုကောင်းဖို့ဆိုတာ အတိတ်ကံကောင်းလို့ အကျိုးထူးတာပါ။

အခုလက်ရှိ ပစ္စုပ္ပန်မှာလည်း ကောင်းတာတွေလုပ်နေလို့ ပြန်ပြီး အကျိုးပေးတာလို့ပဲ မြင်ပါတယ်။ သူရောင်းတာတွေ မဝယ်နိုင်ပါဘူး။ သူတို့က မြင့်တယ်။ အဓိကကတော့ ကိုဗစ်ကာလဖြစ်တော့ ပထမတော့ စိတ်ဓာတ်ကျတယ်။ အခြေအနေကို မပြောင်းလဲနိုင်တဲ့အတွက် ကိုယ့်စိတ်ကို ပြောင်းလဲလိုက်တယ်လို့ ခန့်စည်သူက ပြောသွားပါတယ်။
Source: Sunday Journal