လှိုင်သာယာ-မအူပင် ကားလမ်းနံဘေးရှိ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံမှ ထွက်ရှိသော အနံ့ဆိုးနှင့် အမှုန်များကြောင့် ပတ်ဝန်းကျင် ပျက်စီးသည်ဟုဆိုကာ စက်ရုံပိတ်သိမ်းရန် ဒေသခံများ လိုလား

Share ရန်


ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် တွံတေးတံတားအနီး၊ လှိုင်သာယာ-မအူပင် ကားလမ်းဘေးရှိ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံမှ ထွက်ရှိသော အနံ့ဆိုးများ၊ အမှုန်များကြောင့် ပတ်ဝန်းကျင် ပျက်စီးသည်ဟုဆိုကာ စက်ရုံပိတ်သိမ်းရန် ဒေသခံများက လိုလားကြောင်း ဒီဇင်ဘာ ၂၆ ရက်တွင် ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

In2

အဆိုပါ ရွှေနဂါးစက်ရုံ စတင် ဆောက်လုပ်ချိန်တွင် သိုလှောင်ရုံ ဆောက်မည်ဟုဆိုကာ ဆောက်လုပ်ကြောင်း၊ စက်ရုံဆောက်ပြီးနောက် ၂၀၁၉ ခုနှစ်တွင် အမိုးနီးယားအနံ့ဆိုးများ စတင်ထွက်ရှိပြီး စက်ရုံမှ စွန့်ပစ်ရေများကိုလည်း မြောင်းထဲသို့ စွန့်ပစ်ကာ ငါးများသေကြကြောင်း ဒေသခံများကို လိုက်လံကူညီ ဆောင်ရွက်ပေးသူ ကိုရဲဝင်းထွဋ်က ပြောကြား သည်။

In3

အဲဒီမြောင်းကလည်း ရွာနဲ့ ဆက်နေတော့ ရွာထဲထိ ငါးတွေ သေတာပေါ့။ ပုတ်ဆော်တွေနံ့လို့ ရွာကနေ ၀ိုင်းတိုင်၊ တိုင်တာကတော့ မြို့နယ်ကို နှစ်ခေါက် သုံးခေါက်ရှိပြီ။ ဒါပေမဲ့ မြို့နယ်က ဘာမှ ထိထိရောက်ရောက် မဆောင်ရွက်ပေးနိုင်ဘူး။ မဆောင်ရွက်ပေးနိုင်တော့ ကျွန်တော်တို့ကပဲ ကြားဝင်ပြီးတော့ ဆောင်ရွက်ပေးတယ်။ ဒီစက်ရုံက ဘယ်လိုလိုင်စင်နဲ့ လည်ပတ်နေသလဲ၊ ဘယ်သူ့ခွင့်ပြုချက်နဲ့ လည်ပတ်တာလဲ။

In4

တကယ်လို့ ခွင့်ပြုချက်နဲ့ လည်ပတ်တယ်ဆိုရင်တောင် ဒေသခံတွေရဲ့ သဘောထားမပါရင် ခွင့်ပြုချက်က ပေးလို့မရဘူး။ အဲဒါတွေကို ရှင်းလင်းပေးပါ ပြောတော့ လွှတ်တော်ကိုယ်စားလှယ်ကလည်း အဲဒီနေ့က ဘာပြောလဲဆိုတော့ ဒီစက်ရုံကို ဒီကာလမှာ ယာယီ ရပ်ဆိုင်းထားပေးပါ။ ဒီဘက်ကိစ္စတွေ ရှင်းလင်းပြီးမှ လည်ပတ်ပါ ဆိုတာကို သူတို့က ဒီရက်က အော်ဒါတွေများနေလို့ မရပ်ပေးနိုင်ပါဘူးဆိုတဲ့ပုံစံမျိုး ပြောတယ်ဟု ကိုရဲဝင်းထွဋ်က ပြောကြားသည်။

ဆက်လက်ပြီး ယင်းရွှေနဂါးစက်ရုံသည် မည်သည့် အထောက်အထားများနှင့် လည်ပတ်ပြီး မည်သူက ခွင့်ပြုပေးသည်ကို ဒီဇင်ဘာ ၂၉ ရက်တွင် စက်ရုံအနီးရှိ ကန်ပတ်ရိုးကျေးရွာ ဘုန်းကြီးကျောင်းတွင် စက်ရုံဘက်က လာရောက် ရှင်းလင်းမည်ဖြစ်ကြောင်း ကိုရဲဝင်းထွဋ်က ဆက်လက် ပြောကြားသည်။

In1

ယင်းနောက် ဒေသခံတစ်ဦးဖြစ်သူ ကိုကျော်ဇေယျက စက်ရုံမှထွက်သည့်အနံ့ကို ရှူမိလျှင် ခေါင်းကိုက်ပြီး ဇာတ်ကြောထိုးကြောင်း၊ စက်ရုံမှထွက်သည့် အမှုန်များကြောင့် ကွမ်းခြံများ ပျက်စီးသည်ဟု ယူဆကြောင်း ပြောကြားသည်။

“ကျွန်တော်တို့တွေ ဘယ်လိုတွေ ခံစားနေရလဲဆိုတော့ ဒီအနံ့ကိုရှူမိရင် ခေါင်းတွေ ကိုက်တယ်။ ဇာတ်ကြောတွေ ထိုးတယ်။ မိန်းကလေးတွေက ပိုဆိုးတာပေါ့။ တချို့ နှလုံးအားနည်းတဲ့ သူတို့ဆို ပိုဆိုးတာပေါ့။ ပြင်းပြင်းထန်ထန် မဖြစ်တာတောင် အဲဒီလိုမျိုး ဇာတ်ကြောထိုးတာတို့၊ ခေါင်းမူး၊ ခေါင်းအုံတာတို့ အဲဒီလိုတွေ ဖြစ်တယ်။ ပြီးတော့ အဲဒီ ရွှေနဂါးစက်ရုံနဲ့ ပေ ၃၀၀ လောက်ရှိတဲ့ ကျွန်တော့်သူငယ်ချင်း ကွမ်းခြံပေါ့။

ကွမ်း ၃၂၀၀ လောက် ပျက်စီးတယ်။ အဲဒီစက်ရုံကထွက်တဲ့ အမှုန်ကြောင့်ပဲ ပျက်စီးတယ်လို့ ယူဆတယ်။ ကျွန်တော်တို့ရွာရဲ့ သောက်ရေကန်ဆို အရောင်ပျက်ချင်တယ်ပေါ့နော်။ စက်ရုံက အရင်က ပုံမှန်လည်တာက ၂၄ နာရီလည်တယ်။ ဒီရက်ထဲမှာတော့ တိုင်ထားလို့ နံတဲ့အလုံးကို သိပ်မလည်ဘူး” ဟု ၄င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စက်ရုံမန်နေဂျာ ဦးဆန်းထွန်းဦးက “ကန်ရေပျက်တာကတော့ ကျွန်တော်တို့ကြောင့် မဟုတ်ပါ ဘူး။ အစိုးရဓာတ်ခွဲခန်းကလည်း အဖြေထွက်ပြီးပါပြီ။ အနံ့ကိစ္စကတော့ သူတို့က အနံ့နံတယ်ပြောလို့ ကျွန်တော်တို့ ကုမ္ပဏီတစ်ခုနဲ့ အပ်ထားပါတယ်။ ဒီရက်ထဲမှာပဲ ရွာသူရွာသားတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ စက်ရုံက နိုင်ငံတော်ရဲ့ သွင်းအားစု တစ်ခုပဲလေ။ စက်ရုံပိတ်သိမ်း ရလောက်အောင်အထိ မဖြစ်ပါဘူး။ ကျွန်တော်တို့ဘက်ကလည်း လူထုအဆင်ပြေအောင် လုပ်ပေးမယ်ဆို ပြေလည်ပါတယ်” ဟု ပြောကြားသည်။
Source: Eleven Media Group

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ