မြိတ်ကျွန်းစုအတွင်းရှိ ဒုံးညောင်မှိုင်းကျေးရွာတွင် လာမည့် ဇန်နဝါရီလ ပထမပတ်အတွင်း စတင်ဖွင့်လှစ်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး ကျွန်းအခြေပြု ခရီးသွားလုပ်ငန်း
မြန်မာနိုင်ငံ၏ ပထမဆုံး ကျွန်းအခြေပြု ခရီးသွားလုပ်ငန်းကို မြိတ်ကျွန်းစုအတွင်းရှိ ဒုံးညောင်မှိုင်းကျေးရွာတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဒုံးပုလဲအော် ကျေးရွာအုပ်စုအတွင်းရှိ ဒုံးညောင်မှိုင်းကျေးရွာတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) ကို အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရာ လာမည့်ဇန်နဝါရီတွင် စတင်လည်ပတ်တော့မည် ဖြစ်ကြောင်း သိရသည်။

ဒုံးညောင်မှိုင်းကျေးရွာတွင် ဆောင်ရွက်မည့် ကျွန်းအခြေပြု ခရီးသွားလုပ်ငန်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်ပြီး ညအိပ်လည်ပတ်နိုင်မည့် ခရီးစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းကို ၂၀၁၇ နောက်ပိုင်းတွင် ဟိုတယ်/ခရီးက တိုင်းအစိုးရထံတင်ပြပြီး ဆောင်ရွက်ခဲ့ရာ ထားဝယ်ခရိုင်တွင် စမ်းလှမ်းကျေးရွာ မြိတ်ခရိုင်တွင် ဒုံးညောင်မှိုင်းကျေးရွာ၊ ကော့သောင်းခရိုင်တွင် မကြုံဂလက်ကျေးရွာတို့တွင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် စမ်းလှမ်းကျေးရွာတွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၁ ဇန်နဝါရီ လတွင် ဒုံးညောင်းမှိုင်း၌ ဖွင့်လှစ်မည် ဖြစ်သည်။ ဒါမြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော Marine Tourism လုပ်မယ့်နေရာ ဖြစ်တဲ့အတွက် အနာဂတ်မှာ အလားအလာအများကြီး ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးပြီး ခရီးသွားလုပ်ငန်းလေးခုထဲမှာ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းပါဝင်လာပြီး ငါးခုအထိဖြစ်လာနိုင် ပါတယ်။
ဖြစ်လာအောင်လည်း ကျွန်တော်တို့ ဘက်က ကြိုးစားပြီးဆောင်ရွက်နေပါတယ်။ ဒီမှာရှိတဲ့ ခရိုင်သုံးခရိုင်လည်း ဖွံ့ဖြိုးလာဖို့အ လားအလာရှိတယ်။ ထားဝယ်မှာဆိုရင် ကျွန်း တွေကိုသွားဖို့ အင်အားနည်းပါတယ်။ မြိတ် မှာဆိုရင် ကျွန်းတွေအတော်များများကို သွား လို့ရပါတယ်။ ကော့သောင်းဆိုရင် ပိုပြီးတော့ သွားလို့ရတယ်။

ကော့သောင်းနဲ့ မြိတ်ကျွန်း တွေသွားရတာခြင်းအတူတူ ဘာတွေကွာခြား သလဲဆိုတော့ ကော့သောင်းမှာက ဟိုတယ် လုပ်ငန်းတွေကို ကျွန်းတွေမှာ လုပ်ခွင့်ပေးထား တဲ့အတွက် ညအိပ်လို့ရတယ်။ ညအိပ်ခရီးစဉ် တွေက အရင်ကတည်းကရှိနေပြီးသား။ မြိတ် မှာတော့ ညအိပ်ခရီးစဉ်တွေ မရှိသေးပါဘူး။ CBT ဖွင့်ပြီးသွားရင်တော့ မြိတ်မှာလည်း ည အိပ်ခရီးစဉ်တွေ ရှိလာနိုင်တဲ့ ကျွန်းအခြေပြုခ ရီးသွားလုပ်ငန်းတွေ ဖြစ်ထွန်းလာမှာပါ။
Marine Tourism က ကျွန်တော်တို့ တိုင်းတစ်တိုင်းပဲ ရှိတယ်။ ထားဝယ်ခရိုင်မှာဆိုရင် စမ်းလှမ်းရွာ၊ အဲဒါကကျေးရွာမှာပဲ လုပ်တယ်။ ကလုံးထားရွာ အဲဒါလည်း ကျေးရွာမှာပဲ။ ကျွန်းကို အခြေပြုတဲ့ ခရီးသွားလုပ်ငန်းက ပထမဆုံးပါပဲ။

ဘာလို့ကိုယ့်နိုင်ငံမှာ ပထမဆုံးဖြစ်သွားလဲဆိုတော့ ကျွန်တော်တို့ဆီမှာပဲ ကျွန်းကိုအခြေပြုပြီး ခရီးသွားလုပ်ငန်း လုပ်ဆောင်နေခြင်း ဖြစ်တဲ့အတွက် ဒါကပထမဆုံး ကျွန်းအခြေပြု ခရီးသွားလုပ်ငန်းဆိုပြီး သုံးနှုန်းလိုက်တာပါဟု တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားရေးမှူး ဦးညိုဝင်းက ပြောကြားသည်။
ကျွန်းအခြေပြုခရီးသွားလုပ်ငန်း စတင်ဖွင့်လှစ်မည် ဖြစ်သော်လည်း လုံခြုံရေးနှင့်ဆက်သွယ်ရေးကိစ္စများ အားနည်းချက်ရှိနေသေးသလို ကိုဗစ်ကာလဖြစ်သည့်အတွက် တိုင်းအ တွင်းမှခရီးသွားများကိုသာ အဓိကအားထား ပြီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလပထမပတ်မှာ ဖွင့်လှစ်နိုင်ဖို့ လျာထားပါတယ်။ ကိုဗစ်ကာလလည်းဖြစ်နေ တော့ ဒေသမှာရှိနေတဲ့ဧည့်သည်တွေနဲ့ စတင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်။ ပက် ကေ့ချ်တွေကတော့ ဒီမှာအကြမ်းပဲစီစဉ်ထား တာမျိုးရှိသေးတယ်။ တစ်ညအိပ် နှစ်ရက်ခရီး ပေါ့။ အဲဒီခရီးစဉ်တစ်ခုလုံးကို နှစ်သိန်းလောက် လျာထားပါတယ်။ အဲဒါကိုတော့ အတည်မပြု ရသေးဘူး။
အသင်းမှာ တိုင်ပင်ဆွေးနွေးပြီးမှ အတည်ပြုချက်ရမှာပါ။ ကိုဗစ်ကာလမှာ တ ကယ်တန်းသွားလို့ရတာက တိုင်းအတွင်းမှာ ဖြစ်နေတော့ လောလောဆယ်ဧည့်သည်တွေ မလာလောက်သေးဘူး။ တိုင်းအတွင်းက ဧည့် သည်တွေကိုပဲ ဦးစားပေးပို့ဆောင်ရမယ်ဆို တာ မျှော်လင့်ထားပါတယ်ဟု မြိတ်ခရိုင်ခရီး သွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာသိန်းရွှေမြင့်က ပြောကြားသည်။
မြန်မာနိုင်ငံတွင်ရှိသော အဓိကခရီးစဉ် ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး ခရီးစဉ်ကြီး လေးခုပြီးနောက် ငါးခုမြောက်ခရီးစဉ်မှာ မြိတ်ကျွန်းစု ဖြစ်လာနိုင်ရန် ရည်မှန်း လုပ်ဆောင်နေပြီး ဒုံးညောင်မှိုင်းမှာ နိုင်ငံတကာမှ ခရီးသွားများအတွက် Transit တစ်ခု ဖြစ်လာနိုင်ဖွယ်ရှိပြီး ဆလုံတိုင်းရင်းသားများ၏ ရိုးရာဓလေ့များ၊ ကမ်းခြေအလှအပများ၊ ရေအောက်အလှအပများ၊ တောတွင်းခရီးစဉ်များနှင့် အခြားဝန်ဆောင်မှုများ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။
Source: Eleven Media Group