အင်းယား ကိုဗစ်စင်တာမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေတဲ့ စိုင်းစည်တွမ်ခမ်း

Share ရန်


COVID-19 ရောဂါနဲ့ ပတ်သက်ပြီး အဘက်ဘက်မှ ဝိုင်းဝန်း ကူညီနေကြတဲ့ ပြည်သူတွေထဲမှ တဦးအပါအဝင်ဖြစ်တဲ့ သရုပ်ဆောင် စိုင်းစည်တွမ်ခမ်းကတော့ အသစ်ထပ်မံ ဆောက်လုပ်ထားတဲ့ အင်းယား ကိုဗစ်စင်တာမှာ စေတနာ့ဝန်ထမ်း တဦးအဖြစ် လုပ်ကိုင်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော်ကတော့ ဒီမှာ Coordinaration ပေါ့။ လူအင်အားက အများကြီး လိုသေးတယ်။ စင်တာက ဖွင့်တာ တပတ်ပဲရှိသေးတော့ စင်တာကတော့ အရမ်းကောင်းတယ်။ သေချာလည်း စနစ်တကျနဲ့အကောင်းဆုံးဖြစ်အောင် အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ ဆရာကြီးတွေရဲ့ အတွေ့အကြုံနဲ့ ပေါင်းပြီးတော့ လုပ်ထားတယ်။ လူအင်အား မလောက်ဘူးပေါ့။ ကျနော်တို့လို Volunteer တွေ အများကြီးလိုတယ်”

Sai4

“ကိုယ်ကျွမ်းရာကျွမ်းရာပေါ့။ အထွေထွေ ကူချင်ရင်လည်း ရတယ်။ ဆရာဝန်၊ ဆရာမတွေလည်း အများကြီး လိုတယ်။ ပြီးရင် ဆေးဝါးကျွမ်းကျင်တဲ့ နေရာမှာလည်း လိုတယ်။ ကျနော်လည်း လာကူတာကတော့ လူအင်အား မလုံလောက်ဘူးလို့ ကြားလို့ ကိုယ်နိုင်တဲ့ဘက်ကနေ ကိုယ်သိတဲ့ ဆေးပညာအသိလေး နည်းနည်းပါးပါးနဲ့ လာကူတာပေါ့” လို့ စိုင်းစည်တွမ်ခမ်းက ပြောပါတယ်။ ကိုယ်တိုင်လည်း ဆရာဝန်တယောက် ဖြစ်တဲ့အတွက် သိရှိထားတဲ့ဆေးပညာ အသိလေးနဲ့ နိုင်သလောက် ကူညီနိုင်ရန်အတွက် ရောက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

Sai1

တကယ်လိုအပ်တဲ့ အချိန်မျိုးမှာ တကယ်လိုအပ်တဲ့ နေရာကနေ ကိုယ်တတ်နိုင်တဲ့ ခွန်အားလေးနဲ့ ကူညီခွင့်ရတာ အရမ်းဝမ်းသာတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ လိုအပ်နေတဲ့ အချိန်လေးဖြစ်တဲ့အတွက် ဒီအချိန်မှာ ဘာပဲဖြစ်ဖြစ် သိသလောက် တတ်သလောက် ဝင်ကူတာပါ။ ကောင်းမှုလေး လုပ်တာပေါ့။ ကောင်းမှုတွေ အများကြီး မလုပ်နိုင်ပေမယ့် ကိုယ်နိုင်သလောက် ကြုံတုန်းလေး လုပ်တဲ့ သဘောပါလို့ စိုင်းစည်တွမ်ခမ်းက ပြောပါတယ်။

Sai3

အလှူဖြစ်တဲ့အတွက် အချိန်အကန့်အသတ် မရှိဘဲ နိုင်တဲ့ဘက်ကနေ ကူညီရတာ ဖြစ်တဲ့အတွက် ကူညီချင်စိတ်ရှိပြီး အခွင့်အရေးပေးတဲ့အခါ လာရောက် ကူညီကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

ကိုယ်နိုင်သလောက်လုပ်ပေါ့။ တပတ်မှာ ကိုယ်ဘယ်အချိန်တွေ အားသလဲပေါ့။ အလှူဖြစ်တဲ့အတွက် နည်းတယ်များတယ် မသတ်မှတ်ပါဘူး။ စင်တာကလည်း အကြီးကြီးဆိုတော့လေ နိုင်တဲ့ဘက်ကနေ ကူနိုင်ဖို့ပဲ သူတို့ဘက်က ဖိတ်တာပေါ့။ ကျနော်ကလည်း ကိုယ်နဲ့ ခင်တဲ့သူတွေ၊ ရင်းနှီးတဲ့သူတွေထဲမှာ ကူညီချင်စိတ် ရှိတယ်၊ ကူလည်း ကူနိုင်တယ်။ အခွင့်အရေးပေးတဲ့အခါ လာကူကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်လို့ ပြောပါတယ်။

Sai

ကိုယ်တိုင်အနေနဲ့ အများကြီးမသိသေးပေမယ့် ဒီဆေးရုံမှာ လုပ်ကိုင်ပေးနေတာများကို မြင်တွေ့ရသလောက် သူ့ရဲ့အတွေ့အကြုံများကို ပြောပြခဲ့ပါတယ်။

“ကျနော်တော့ သိပ်တော့ မသိသေးဘူး။ ဆေးရုံဆင်းတဲ့ လူနာတွေကို ဘယ်လောက်ထိ စေတနာနဲ့ ကူညီကြလဲဆိုတာကို တွေ့ခဲ့တယ်။ ရောဂါကူးမှာတို့၊ အသက်အန္တရာယ် ရှိတာကို ဂရုမထားဘဲ ဆင်းတဲ့ လူနာတွေ အဆင်ပြေအောင် ကားတွေ စီစဉ်ပေးတယ်။ အိမ်ပြန်လက်ဆောင် စားဖို့သောက်ဖို့ ပိုက်ဆံကအစ စီစဉ်ပေးတယ်။ တယောက်ချင်းစီကို စီစဉ်ပေးတယ်။ ဆေးဖြန်းပေးတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး “ကိုယ်နိုင်တဲ့ဘက်ကနေ ကူတာပေါ့။ ကိုယ့်ထက်ဒုက္ခခံတဲ့သူတွေ အများကြီး ရှိပါတယ်။ ကျနော်တို့က လူနာနဲ့ အနီးကပ်တောင် တွေ့စရာ မလိုဘူးပေါ့။ တွေ့တဲ့အထိလည်း ကျနော်တို့သွားဖို့ သိပ်အဆင်မပြေဘူး။ တွေ့တဲ့ Volunteer တွေကလည်း သူတို့ Risk ကို ယူနိုင်လို့ ကျနော်တို့က ကျနော်တို့နိုင်တဲ့ ဘောင်ထဲကနေ တတ်နိုင်သလောက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတယ်”

“လာကူတဲ့ ဝန်ထမ်းတွေကပဲ ၈၀ ၊ ၁၀၀ လောက် ရှိတယ်။ ရပ်ကွက် အသေးစားလေး တခုလို ဖြစ်သွားတာပေါ့။ လိုအပ်ချက်တွေတော့ အများကြီးရှိပါသေးတယ်။ ဆေးကုတာက လွဲလို့ ကျန်တာအကုန် လုပ်ပါတယ်” လို့ စိုင်းစည်တွမ်ခမ်းက ပြောပါတယ်။

အင်းယား ကိုဗစ်စင်တာမှာတော့ အဓိကအနေနဲ့ အောက်ဆီဂျင် ကုထုံးကို ဆောင်ရွက်ပေးပြီး တခြားသော စောင့်ရှောက်မှုများလည်း အကောင်းဆုံး စီစဉ်ထားတာကြောင့် လာရောက် လေ့လာလို့ ရသလို စိတ်ပါရင် တခါတည်း ကူညီလို့ရတယ်လို့ ဆိုပါတယ်။

“စောင့်ရှောက်မှုကတော့ အဓိကကတော့ အောက်ဆီဂျင် Therapy ပေါ့။ အောက်ဆီဂျင်ရူဖို့ လိုတဲ့ လူတွေကို ဆရာဝန်တွေနဲ့ အနီးဆုံးနေရာမှာ ထားတယ်။ တခြားသာမန် Q ပဲ ဝင်ရမယ့်လူတွေအတွက် နေရာသီးသန့်လေးတွေ ရှိတယ်။ ပြီးတော့ သူတို့ စားဖို့သောက်ဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့၊ တီဗီကြည့်ဖို့ ကလေးကစားကွင်းတွေကအစ သေချာအထဲမှာ အများကြီး စီစဉ်ပေးထားပါတယ်”

“နေရာကလည်း ကျယ်တယ်။ အလှူရှင်ကလည်း သဒ္ဓါတရား ကောင်းကောင်းနဲ့ အကောင်းဆုံးဖြစ်အောင် စီစဉ်ထားပါတယ်။ လာလည်လို့ ရပါတယ်။ မကြောက်ပါနဲ့။ ဝင်လေ့လာလို့ ရပါတယ်။ စိတ်ပါရင် တခါတည်း ဝင်ကူညီလို့ ရပါတယ်” လို့ စိုင်းစည်တွမ်ခမ်းက ပြောပါတယ်။

အဆိုပါ အင်းယား ကိုဗစ်စင်တာကိုတော့ ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်ဝန်းအတွင်းမှာရှိတဲ့ YCC နေရာမှာ ဖွင့်လှစ်ထားတာ တပတ်ကျော်ခန့်ရှိပြီဖြစ်ပြီး လူနာအယောက် ၅၀၀ ကျော် ဆံ့တယ်လို့ သိရပါတယ်။ စိုင်းစည်တွမ်ခမ်းကတော့ စင်တာ စဖွင့်စဉ်ကတည်းက စာရင်းပေးသွင်းကာ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေတာလို့ သိရပါတယ်။
Source: The Irrawaddy

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ