ဧရာဝတီတိုင်းအတွင်း ပရဟိတအသင်းအချို့မှာ စာရွက်စာတမ်းအတုများ အသုံးပြုပြီးအခကြေးငွေဖြင့် လူနာများကို ပို့ဆောင်ပေးနေဟုဆို
ဧရာဝတီတိုင်း ဒေသကြီးအတွင်း COVID-19 ရောဂါ ကူးစက်ပျံ့ပွားနေမှု ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးနှင့် တိုင်းဒေသကြီးအတွင်းရှိ Stay at Home မြို့နယ်များမှ အခြားမြို့နယ်များသို့ သွားလာမည့် သူများကို ကန့်သတ်စစ်ဆေး ဆောင်ရွက်နေရာတွင် ပရဟိတအသင်းအချို့မှာ စာရွက်စာတမ်းအတုများ အသုံးပြုကာ လူနာတင်ကားများဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြားခြင်းမရှိဘဲ အခကြေးငွေဖြင့် လူနာနှင့်ခရီးသွားများကို ပို့ဆောင်ပေးနေကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီး ကျုံမငေးမြို့သို့ ပြန်လာသည့် ခရီးသွားနှစ်ဦးအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြားခြင်းမရှိဘဲ ပုသိမ်မြို့အခြေစိုက် ပရဟိတအသင်းတစ်ခုမှ ပုသိမ်ခရိုင် ဆေးရုံအုပ်ကြီး လက်မှတ်ဖြင့်ထုတ်ပေးထားသည့် စာရွက်စာတမ်းအတုအား ကိုင်ဆောင်ကာ လူနာတင်ကားဖြင့် အရေးပေါ် မီးတန်းများ ဖွင့်လှစ်ကာ မြို့ဝင်စစ်ဆေးရေး ဂိတ်များကို ဖြတ်ကျော်ကာ ပို့ဆောင်ခြင်းများ ဖြစ်ပေါ်နေလျက်ရှိကြောင်း မြို့ဝင်စစ်ဆေးရေး ဂိတ်များတွင် ပိုမိုစစ်ဆေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သိရသည်။

“အဲဒီကိစ္စတွေက လူနာတွေကို အခကြေးငွေနဲ့ သယ်တယ်ဆိုတဲ့ကိစ္စက ဆရာလည်း Facebook မှာ တွေ့တဲ့အခါကျတော့ ဆရာလည်း အံ့သြသွားတာပေါ့။ ပရဟိတအဖွဲ့အနေနဲ့ အဲဒါမျိုးက မလုပ်သင့်ဘူး ယူဆပါတယ်။ ပရဟိတလုပ်တဲ့လူတွေ အနေနဲ့ဆိုရင် ပိုပြီးတော့တောင် စည်းမျဉ်းစည်းကမ်း လိုက်နာရမှာ ဖြစ်ပါတယ်။ လူနာက ရန်ကုန်ကနေ ပြန်လာတဲ့ လူနာတစ်ယောက်က ဆရာတို့ ဧရာဝတီတိုင်း တစ်တိုင်းလုံးကို ဆရာတို့ ပုသိမ်ဆေးရုံမှာရှိတဲ့ လူနာတွေ အများစုဟာ ရန်ကုန်ကပြန်လာတဲ့ လူနာတွေပဲ Positive တွေထွက်နေတာပေါ့နော်။
အဲဒီလို Positive လူနာတစ်ယောက်က လွတ်သွားလို့ ပြည်သူကြားကို ရောက်သွားလို့ဆိုရင် ပြည်သူတွေ အားလုံးကို ကူးစက်သွားရင် ဆရာတို့လုပ်သမျှ အကုန်လုံး သဲထဲရေသွန် ဖြစ်သွားမှာ ဖြစ်ပါတယ်။ အဲဒီလိုသဲထဲရေသွန် ဖြစ်သွားရင် လူနာတစ်ယောက်လောက်ပဲ လွတ်သွားတယ်ထားဦး ဒီလူနာတစ်ယောက်ကနေ ဘေးကို ဆက်ပျံ့သွားရင်တော့ ဆယ်ယောက် အယောက်နှစ်ဆယ်လောက်နဲ့ ဆရာတို့ ထိန်းချုပ်ထားတဲ့ လုပ်ငန်းတွေ အကုန်လုံးက ဖရိုဖရဲတွေ ဖြစ်ကုန်မှာ ဖြစ်ပါတယ်။

ဒီကိစ္စမှာလည်း ဆရာက အောက်တိုဘာလဆန်းတုန်းက ကိုဗစ်လူနာတွေကို ပို့ဖို့ဆိုပြီးတော့ အဲဒီကားသုံးစီးကို ဧရာဝတီမိုးကြီး ပရဟိတအဖွဲ့ကနေ ဆရာ့ဆီလာပြီးတော့ ကိုဗစ်လူနာ သယ်ဖို့အတွက်ကို ထောက်ခံစာ လာတောင်းလို့ ပေးခဲ့တာ။ သူက အဲဒါကို တစ်သက်လုံးအတွက် အသုံးချပြီးတော့ လူနာသယ်ယူတဲ့ကိစ္စကို အပြင်စီးပွားရေးနဲ့ လုပ်နေတာဆိုတော့ ဆရာအခုမှ ပြန်သိရလို့ အတော်ပဲစိတ်မကောင်း ဖြစ်ရပါတယ်” ဟု ပုသိမ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ဆိုသည်။
မြောင်းမြမြို့ စွမ်းအားတောရ Facility Quarantine တာဝန်ခံ ကိုကျော်စွာထွန်းကလည်း “ကျွန်တော်တို့ ဆီမှာလည်း ဖြစ်ခဲ့တယ်။ အဖွဲ့အမည်တော့ မပြောတော့ပါဘူး။ ရန်ကုန်က ပြန်လာသူတွေအတွက်ကိုဆို ပန်တိုင်ဂိတ်ကနေ သတင်းပေးပို့မှ မြောင်းမြ ကိုဗစ်ကော်မတီကနေ ဒီဖက်ပရဟိတ အဖွဲ့တွေကနေ ကားနဲ့သွားခေါ်ပေးပြီး ဒီရောက်တာနဲ့ Quarantine ထားတာပေါ့နော်။
အဲဒါကို ဒီက ကိုဗစ်ကော်မတီက စီစဉ်တာ မဟုတ်ဘဲနဲ့ အခကြေးငွေနဲ့ ခေါ်တာမျိုးရှိတယ်။ ဒီရောက်တော့ Quarantine ကိုရောက်မလာဘူး။ ကျွန်တော်တို့ သတင်းကြားမှ လိုက်ခေါ်ပြီး Quarantine ထားရတာမျိုးရှိတယ်” ဟု ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင် အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီအထိ ထုတ်ပြန်ချက်များအရ COVID-19 ရောဂါ အတည်ပြုလူနာ ဦးရေမှာ ၇၁၁ ဦးထိ ရှိလာပြီ ဖြစ်ပြီး ၄၈၃ ဦးမှာ ရောဂါသက်သာ ပျောက်ကင်းသောကြောင့် ဆေးရုံများမှ ဆင်းခွင့်ရရှိခဲ့ပြီဖြစ်ကာ ၂၂၈ဦးမှာ ဆေးရုံအသီးသီးတွင် ဆေးဝါးကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်း သိရသည်။
Source: Eleven Media Group