ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ပြည့်နှစ် သြဂုတ် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်

Share ရန်


လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရန်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ကာလအား ၂၀၂၀ ပြည့်နှစ် သြဂုတ် ၃၁  ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ မှစတင်ပြီး ယာယီရပ်ဆိုင်း ခဲ့ခြင်းဖြစ်သည်။

COVID-19 ရောဂါ မြန်မာနိုင်ငံတွင်း ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်ရန် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ပြည့်နှစ် သြဂုတ် ၃၁ ရက် အထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း ဇူလိုင် ၂၈ ရက်က ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ရှိ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကို သြဂုတ် ၃၁ ရက်အထိ ရပ်ဆိုင်းလိုက်ပြီဖြစ်သော်လည်း Terminal 3 ရှိ ပြည်တွင်း လေကြောင်းခရီးစဉ်များ ပြေးဆွဲမှုကို ပုံမှန်အတိုင်း ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ရှိ ဆိုင်ခန်းများအားလုံး ပိတ်ထားရခြင်းကြောင့် ငှားရမ်းခ ကင်းလွတ်ခွင့်နှင့် လျှော့ချပေးခြင်းများ ပြုလုပ်နေရပြီး လေဆိပ်ဝန်ထမ်းများ၏ လစာကိုလျှော့ချဖြတ်တောက်၍ ရေရှည်ရပ်တည်နိုင်ရန် ဆောင်ရွက်နေရကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးနေသည့် YACL ကုမ္ပဏီမှ သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေယာဉ်များပြေးဆွဲခွင့်ကို ဇွန် ၃၀ ရက်အထိ ယာယီရပ်ဆိုင်းထားခြင်းကြောင့် လေဆိပ်အသုံးပြုသူ ခရီးသည်ပမာဏမှာ ဖေဖော်ဝါရီ လဝက်ခန့်ကပင် စတင်ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ ခရီးသွားလုပ်ငန်းကဏ္ဍ ရပ်တန့်ခဲ့ရခြင်းကြောင့် လေဆိပ်အတွင်းရှိ လေကြောင်းလိုင်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် အရောင်းဆိုင်ခန်းများ၏ ပုံမှန်လည်ပတ်မှုကို အကျိုးသက်ရောက်မှုများ ရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်လေဆိပ်၏ ပုံမှန်လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်၏ ရာခိုင်နှုန်း ၈၀ ကို ကျခံနေရသော YACL ကုမ္ပဏီအနေဖြင့်လည်း အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

COVID-19ကြောင့် ကမ္ဘာတစ်ဝန်းရှိ လေကြောင်းပျံသန်းမှု နယ်ပယ်တစ်ခုလုံးအပေါ် ဘဏ္ဍာရေးဆိုင်ရာ အကျိုးသက်ရောက်မှု ကြီးမားစွာဖြင့် စီးပွားရေးအခက်အခဲများ ကြုံတွေ့နေရချိန်တွင် ၎င်း၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် အခန်းငှားရမ်းခ ကင်းလွတ်ခွင့်နှင့် လျှော့ချပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ယင်းအပြင် YACL သည် လေဆိပ်လုပ်ငန်းများနှင့် ၎င်း၏ဝန်ထမ်းများနှင့် ရေရှည် ဆက်လက်လက်တွဲလုပ်ကိုင်နိုင်ရန် လစာဖြတ်တောက်မှုများကိုလည်း ပြုလုပ်ခဲ့ရပြီး အုပ်ချုပ်မှုဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ရှိဝန်ထမ်းများ၏ အခြေခံလစာမှ ၂၅ ရာခိုင်နှုန်း၊ စီမံခန့်ခွဲရေး အောက်တစ်ဆင့် ဝန်ထမ်းများ၏ အခြေခံလစာအား ငါးရာခိုင်နှုန်းမှ စတင်ကာ အသီးသီးလျှော့ချခဲ့ရပြီး အခြေခံလစာနည်းပါးသည့် ဝန်ထမ်းများ၏ လစာကိုမူ လူမှုဘဝရပ်တည်မှု အခက်အခဲမဖြစ်စေရေးအတွက် လစာလျှော့ချခြင်း မပြုလုပ်ဘဲ မူလအခြေခံလစာအတိုင်း ခံစားစေမည်ဟု သိရသည်။
Credit: Eleven Media Group

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ

error: Alert: Content is protected !!