လက်ရှိတွင် ကွင်းဆင်းစစ်ဆေးမှု မရှိသေးကြောင်း သိရသည့် အဆင့် A ၊ B သတ်မှတ်ချက်ဖြင့် ဖွင့်လှစ်နေသော စက်ရုံ၊ အလုပ်ရုံများမှာ ဧပြီလက သတ်မှတ်ချက်ဖြစ်

Share ရန်


အဆင့် A ၊ B သတ်မှတ်ချက်ဖြင့် ဖွင့်လှစ်နေသည့် စက်ရုံ၊ အလုပ်ရုံများမှာ ဧပြီလက သတ်မှတ်ချက်ဖြစ်ပြီး လက်ရှိတွင် ကွင်းဆင်းစစ်ဆေးမှု မရှိသေးကြောင်း အောက်တိုဘာ ၁၄ ရက်တွင် စက်မှုဇုန်ကော်မတီများထံမှ သိရသည်။

လက်ရှိ ဖွင့်လှစ်နေသည့် စက်ရုံ၊ အလုပ်ရုံများသည် သင်္ကြန်ကာလအချိန်က ကျန်းမာရေးစစ်တမ်း ကောက်ယူထားသည့် အဆင့် A ၊ B ရသော စက်ရုံ၊ အလုပ်ရုံများဖြစ်ပြီး လတ်တလောတွင် ကွင်းဆင်းစစ်ဆေးမှု မရှိသေးကြောင်း လှိုင်သာယာစက်မှုဇုန်ကော်မတီ အမှုဆောင်အရာရှိ၏ ပြောကြားချက်အရ သိရသည်။

Indu

“သင်္ကြန်တုန်းက သတ်မှတ်ထားတဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့ သင်္ကြန်တုန်းက ရက်တွေ ပိတ်တယ်လေ။ ပိတ်ပြီးတော့ ကျန်းမာရေးစစ်တမ်း ယူရမယ်။ စစ်တမ်းယူတဲ့အချိန်မှာ အဆင့် A တို့ B တို့ ရတဲ့လူကို  A ရရင်တော့ တန်းဖွင့်ခိုင်းတယ်။ B ရရင်တော့ ပြန်လည်ပြင်ဆင်ရင်းနဲ့ စက်ရုံများ ဆက်လက် ဖွင့်လှစ်ခွင့်ပြုသည်ဆိုတဲ့ စာရေးထားတာပေါ့။ C ဆိုရင်တော့ အဖွင့်မခံဘူး။

C ဆိုရင်တော့ အနည်းဆုံး  A ၊ B ရအောင် ပြန်ပြီး ဖွင့်ခိုင်းတာ အဲဒီတုန်းကတည်းကပေါ့။ လက်ရှိမှာ ဆင်းစစ်တာတွေ မရှိသေးဘူး။ သိပ်ပြီးတော့ မကြားသေးဘူး။ အဲဒီတုန်းက စစ်တာကလည်း ကျွန်တော်တို့ဆီက မပါဘူးလေ။ ကျန်းမာရေးဌာနက အဓိကပဲလေ” ဟု လှိုင်သာယာ စက်မှုဇုန်ကော်မတီအမှုဆောင်အရာရှိ ဦးအောင်ကျော်ဦးက ပြောကြားသည်။

Indu3

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်တွင် လက်ရှိ ဖွင့်လှစ်နေသည့် စက်ရုံမှာ ၆၉ ရုံရှိကြောင်း၊ ယင်းစက်ရုံများမှာ ဧပြီလတွင်  ကျန်းမာရေးဦးစီးဌာနနှင့် အလုပ်ရုံ၊ အလုပ်သမား စစ်ဆေးရေးဦးစီးဌာနက ပူးပေါင်း စစ်ဆေးခဲ့ပြီး ထွက်ရှိလာသည့် အဆင့် A ၊ B သတ်မှတ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကာ လက်ရှိတွင် အသစ်ထပ်မံ စစ်ဆေးခြင်း မရှိသေးကြောင်း ရွှေလင်ဗန်းစက်မှုဇုန်ရုံးအဖွဲ့မှူး ဦးအောင်ငွေက ပြောကြားသည်။

“ရွှေလင်ဗန်းစက်မှုဇုန်မှာတော့ ဒီနေ့ထိ စက်ရုံ ၆၉ ရုံဖွင့်နေပါပြီ။ ဖွင့်တဲ့စက်ရုံတွေက အဆင့် A ၊ B ရတဲ့ စက်ရုံတွေပါ။ ကျွန်တော်တို့ ဧပြီတုန်းကလေ စက်ရုံတွေ ပြန်ဖွင့်မယ် ဆိုတဲ့အခါကျတော့ ကျန်းမာရေးဦးစီးဌာနဲ့ အလုပ်ရုံနဲ့ အလုပ်သမားစစ်ဆေးရေး ဦးစီးဌာနက စုပေါင်းပြီးတော့ စစ်ဆေးကြတယ်လေ။ အဲဒီမှာ ဝန်ကြီး ဒေါ်မိုးမိုးစုကြည် လက်မှတ်နဲ့ အဆင့်  A ရတယ်။

Insu2

အဆင့် B ရတယ်ဆိုပြီး သတ်မှတ်ချက်နဲ့ ထွက်ထားတဲ့စာ ရှိတယ်။ အဲဒါနဲ့ပဲ ကျွန်တော်တို့က ဖွင့်ခွင့်ပြုထားတာ ပါ။ အသစ်တော့ ထပ်မံစစ်ဆေးခြင်းမရှိသေး ဘူး။ ခုဖွင့်တဲ့ စက်ရုံ ၆၉ ရုံမှာ အများစုကတော့ အထည်ချုပ်တွေပါပဲ။ ခုဖွင့်တဲ့ ၆၉ ရုံကတော့ ဧပြီလက စစ်ထားတဲ့ အဆင့် A ၊ B ရတဲ့ စက်ရုံတွေပါ” ဟု ရွှေလင်ဗန်းစက်မှုဇုန်ရုံးအဖွဲ့မှူး ဦးအောင်ငွေက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ ဦးသက်နှင်းအောင်က အစိုးရ၏ သတင်းထုတ်ပြန်မှုသည် ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ယခင် A အဆင့်ရထားပြီး ဖွင့်လှစ်ခွင့်ပြုထားသည့် စက်ရုံ၊ အလုပ်ရုံများကို အမြန်ဆုံး စစ်ဆေးမှုများလုပ်ရန် လိုအပ်ကြောင်း ပြောကြားသည်။

Indu1

“သတင်းထုတ်ပြန်မှုအားကလည်း အစိုးရက ပွင့်လင်းမြင်သာမှုမရှိတာကို တဖြည်း ဖြည်းနဲ့ တွေ့လာရတယ်။ ဒီ ၇ လပိုင်းတုန်းက စစ်ဆေးပြီးသား စက်ရုံ၊ အလုပ်ရုံတွေကပဲ  A အဆင့်ရပြီးတော့ အဲဒီကတည်းက A အဆင့်ရထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေက ဖွင့်လှစ်လို့ရတယ် ဆိုတဲ့ပုံစံတွေလည်း ကျွန်တော်တို့ဘက်က တွေ့နေရတာပေါ့နော်။ အဲဒီတော့ ၇ လပိုင်းကတည်းကဆိုရင်တော့ စက်ရုံပေါင်း ရာနဲ့ချီပြီးတော့  A အဆင့်က ရထားနိုင်တယ်။ သို့သော် ကျွန်တော်တို့က သတိပြုရမှာက ဒီ  A အဆင့်ရသော စက်ရုံ၊ အလုပ်ရုံတွေက ၇ လပိုင်းကတည်းက ရထားတာ ဖြစ်တယ်။

အခုဆိုရင် ၁၀ လပိုင်းထဲကို ရောက်လာပြီး ဖြစ်တယ်။ အဲဒီတော့ ဒီဘက် သုံးလတာကာလမှာ ဒီအဆင့်ကို သူတို့ဘယ်လောက် ထိန်းထားနိုင်သလဲ ဆိုတာကတော့ ထပ်ပြီးတော့ ဘယ်သူကမှ မစစ်ဆေးတာကို တွေ့နေရတယ်ပေါ့ နော်။ အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ကတော့ ဒီစက်ရုံ ရာဂဏန်းကပဲ  A အဆင့် ရထားတဲ့အပေါ်မှာ စိစစ်မှုတွေပြန်ပြီးတော့ လုပ်ဖို့လိုတယ်ဆိုတာကို  ကျွန်တော်တို့ မြင်တယ်။ ဒီစိစစ်မှုတွေကိုလည်း မြန်မြန်ဆန်ဆန် လုပ်ဖို့ဆိုတာကို ကျွန်တော်တို့အနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု ဦးသက်နှင်းအောင်က ဆို သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ကလည်း အဆင့် A သတ်မှတ်ချက်ဖြင့် မကိုက်ညီပဲ ဖွင့်လှစ်နေသည့် စက်ရုံ၊ အလုပ်ရုံများကို စက်မှုဇုန်ကော်မတီ၊ ကျန်းမာရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနများသို့ တိုင်ကြားထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေး စား၊ အလတ်စား လုပ်ငန်းများ အဆင့် A ရရှိအောင် ပြင်ဆင်ထားပါက အောက်တိုဘာ ၁၂ ရက်မှစတင်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်လုပ်ကိုင်ခွင့်ပြုမည်ဟု အောက်တိုဘာ ၁၀ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်ခဲ့ပြီးနောက် အောက်တိုဘာ ၁၂ ရက်တွင် အဆင့် A ရှိသည့် လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

COVID-19 ဒုတိယလှိုင်းတွင် ရောဂါကူးစက်မှုမှာ ပိုမိုဖြစ်ပွားလာပြီး အလုပ်ရုံ၊ စက်ရုံများတွင်လည်း ရောဂါကူးစက်ခံရသည့် အလုပ်သမားများ ရှိလာကြောင်း အလုပ်သမားများကို ကူညီဆောင်ရွက်လျက်ရှိသည့် အလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။
Credit: Eleven Media Group

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ