ကန့်ကွက်မှုများရှိနေတဲ့ ပုဂံဒေသ စိမ်းလန်းစိုပြည်ရေးစီမံကိန်း

Share ရန်


ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ပုဂံဒေသ စိမ်းလန်းစိုပြည်ရေး ခေါင်းစဉ်ဖြင့် သစ်ပင် ၃၀၀၀ ခန့် စိုက်ပျိုးမည့် စီမံကိန်းနှင့် ပတ်သက်၍ ကန့်ကွက်မှုများ ထွက်ပေါ်လျက် ရှိသည်။

Bagan2 1

အဆိုပါ စီမံကိန်းကို ဆောင်ရွက်ရာ၌ ပုဂံဒေသ၏ ယဉ်ကျေးမှု အမွေအနှစ်တည်ရှိရာဇုန် (Property Zone) အတွင်း စက်ယန္တရား(မြေတူးစက်၊ မြေကော်စက်)များဖြင့် ဆောင်ရွက်နေခြင်း၊ အပင်စိုက်ရန် မြေတူးခြင်းကြောင့် ရှေးဟောင်း အုတ်ရိုး များ ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ စီမံကိန်းကြောင့် ပုဂံ၏ ယဉ်ကျေးမှုဝိသေသရှုခင်း(Cultural Landscape) အား ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခြင်းတို့ကြောင့် ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်း (MAA)က အောက်တို ဘာ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Bagan3 1

MAA အသင်း အတွင်းရေးမှူး ကိုသူရအောင်က “အပင်စိုက်တာကိုလည်း သဘောမတူဘူး။ Property Zone အတွင်းမှာ စိုက်လို့မရသလို စက်ယန္တရားတွေ သုံးတာဟာလည်း လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး။ အဲဒီ ၂ ချက်ကြောင့် ကန့်ကွက်တာ” ဟု ဧရာဝတီကို ပြောသည်။

ပုဂံဒေသ၏ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများမှာ ပူပြင်းခြောက်သွေ့သည့် ရာသီဥတုနှင့် လိုက်လျောညီထွေစွာ တည်ဆောက်ခဲ့ခြင်းကြောင့် နှစ်ပေါင်းထောင်ချီ တည်တံ့နေခြင်းဖြစ်ကြောင်း၊ စိမ်းလန်းစိုပြည်ရေးသည် သဘာဝပတ်ဝန်းကျင်အရ ကြည့်လျှင်ကောင်းသော်လည်း အမွေအနှစ်ဒေသအနေဖြင့် ကြည့်မည်ဆိုပါက အဆင်မပြေကြောင်း၊ အပင် စိုက်ခြင်းမှတဆင့် ပြောင်းလဲလာမည့် သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုများ၏ အမွေအနှစ် အဆောက်အအုံများအပေါ် သက်ရောက်နိုင်မှုကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

Bagan1 1

အသင်းအနေဖြင့် အများဆုံး ၂ ပတ်ခန့်ထိ စောင့်ကြည့်သွားမည်ဖြစ်ပြီး မရပ်တန့်ပါက ဒေသခံများ အပါအဝင် စီမံကိန်းကို သဘောမတူသည့် အသင်းဖွဲ့များ၏ ပူးပေါင်းပါဝင်မှုဖြင့် အစီရင်ခံစာများနှင့်အတူ ပြည်ထောင်စုအဆင့်သို့ တိုင်ကြားစာပေးပို့သွားမည့်အပြင် ပြည်သူလူထုပါဝင်သည့် အွန်လိုင်းကမ်ပိန်း တခုကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်အဖြစ် တင်သွင်းရာတွင် နိုင်ငံတော်က ကတိကဝတ်ပြုထားသည့် အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ စံနှုန်းများကို ဂရုပြုပြီး အတိအကျ လိုက်နာဆောင်ရွက်လည်း MAA ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

Bagan4 1

ထို့အတူ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းကလည်း အမွေအနှစ် ထိခိုက်နိုင်မှုအပေါ် လေ့လာဆန်းစစ်ချက် (HIA) ပြု လုပ်ခြင်းမရှိဘဲ ဆောင်ရွက်နေသည့် အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ကန့်ကွက်စာ ပေးပို့သွားရန်ရှိကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အောက်တိုဘာ ၁၀ ရက်နေ့တွင် တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

ယခု စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နေရာသည် Property Zone သတ်မှတ်ဧရိယာ အပိုင်း ၈ ခု အနက် Component-1 (ပုဂံမြို့ဟောင်းဧရိယာ) ထဲတွင်ဖြစ်ရာ Cultural Landscape ကို ထိန်းသိမ်းရေး သဘောတရားအ ရ မစိုက်သင့်သလို စက်ယန္တရားများဖြင့် တူးဆွခြင်းကလည်း ဥပဒေအရ ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း Bagan Heritage Trust အမှုဆောင် ကိုမြင့်နိုင်က ပြောသည်။

“Property Zone ထဲမှာ ၆ လက်မအထက်ကို လုံးဝ တူးဆွလို့ မရဘူး။ တူးမယ်ဆို ရှေးဟောင်းသုတေသန အရာရှိတယောက် ကြီးကြပ်မှုနဲ့ တူးရမယ်။ နောက်ပြီး တုန်ခါပြီး ရှေးဟောင်းအဆောက်အအုံကို ဒုက္ခပေးမယ့် စက်ယန္တရား လုံးဝမသုံးရဘူး။ တားမြစ်ထားတာ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)က ယဉ်ကျေးမှု အမွေအနှစ်တည်ရှိရာ (Property Zone) ထဲတွင် မလုပ်ရန် ကန့်ကွက်ထားပြီး ဇုန်နှင့်လွတ်ကင်းသည့် နေရာများ၌သာ စိုက်ပျိုးရန် အကြံပြုထားကြောင်း သိရသည်။

ရှေး/သု ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က “ဇုန်ထဲက ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိခိုက်လို့ဆိုပြီး မစိုက်ဖို့ ပြောထားတယ်။ ကာကွယ်ထိန်းသိမ်းထားတဲ့ အဝါရောင်ဇုန်ထဲမှာရှိတဲ့ ကျေးရွာအဝင်လမ်းတွေမှာစိုက်ဖို့၊ မြို့ရှောင် လမ်းပတ်ချာလည်တွေ စိုက်ဖို့ဆိုပြီး ကျနော်တို့က လွတ်ကင်းတဲ့နေရာတွေ အကြံပြုထားတယ်။ သူတို့က ဒီဘက်ထဲလည်း စိုက်ဖို့လုပ်တယ်။ အဲဒီလိုတွေဖြစ်ပြီး ပြဿနာတွေ တက်ကြတာပေါ့လေ” ဟု ဧရာဝတီကို ပြောသည်။

ပုဂံဒေသ စိမ်းလန်းစိုပြည်ရေးစီမံကိန်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် တင်ဒါခေါ်ပြီး ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပြီး သက်ဆိုင်ရာဌာနများပါဝင်သော ညှိနှိုင်းရေးအဖွဲ့ ဖွဲ့ပေးထားကြောင်း၊ အပင်စစိုက်ရာတွင် တင်ဒါအောင်သည့် ကုမ္ပဏီကမသိ၍ စက်ကြီးများဖြင့် ဝင်တူးခြင်းဖြစ်ရာ ယခုတားလိုက်၍ လက်ဖြင့်သာတူးပြီး ကန္တာရပင်များ ရှင်းရန် စက်အသေးလေးများသာ သုံးတော့ကြောင်း၊ မစိုက်သင့်/မစိုက်ရမည့် နေရာများအား ရှေး/သုကို ကြက်ခြေခတ် ပေးခိုင်းထားကြောင်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းကပြောသည်။

ဆက်လက်၍ ၎င်းက အုတ်ရိုးရှိသည့်၊ ဘုရားနှင့်နီးသည့် နေရာများတွင် မစိုက်တော့၍ မြင်ကွင်းကွယ်စရာ မရှိကြောင်း၊ စိုက်ပျိုးမည့် အပင်များသည်လည်း ရှေး/သု၏ ပေ ၃၀ ထက် မကျော်ရ ကန့်သတ်ချက်ကို ကျော်လွန်မည် မဟုတ်ကြောင်း၊  ဒေသမျိုးရင်းပင်များဖြစ်သော တရုတ်စကား၊ စိန်ပန်းနှင့် ငုရွှေဝါပင်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရှင်းပြသည်။

ဦးကျော်ကျော်အုန်းက “ဘာမှစိတ်မပူပါနဲ့လို့။ ကျနော်တို့ ရှေးသုနဲ့ ညှိနှိုင်းပြီးတော့ မစိုက်ရဆိုတဲ့နေရာကို မစိုက်ခိုင်းဘူး။ နေရာရွှေ့ စိုက်ခိုင်းပါမယ်လို့ ကန့်ကွက်တဲ့သူတွေကိုလည်း ပြောပေးပါ။ ကျနော်တို့ကတော့ အရိပ်ရဖို့ရယ်၊ ဘုရားဖူး ဧည့်သည်တွေ မျက်စိပသာဒရှိဖို့ရယ်၊ ရှေးသုရဲ့ သတ်မှတ်ချက်တွေနဲ့အညီပဲ စိုက်မှာပါ။ လမ်းဘေးဝဲယာတွေမှာ၊ ဘုရားနဲ့လွတ်တဲ့ နေရာတွေမှာ ပေ ၃၀ ခွာပြီး စိုက်မှာ။ အပြွတ်လိုက်စိုက်မှာမဟုတ်ဘူး။ စိတ်မပူပါနဲ့လို့” ဟု ဆိုသည်။

ယခုစီမံကိန်းကို ပုဂံဇုန်ဝင်ကြေးထဲမှ ရရှိထားသော ငွေများထဲမှ တိုင်းအစိုးရက ပြန်လည်ချပေးထားသည့် ပုဂံညောင်ဦး  ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး ရန်ပုံငွေ သန်း ၂၅၂၀ ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး သစ်ပင်စိုက်ပျိုးရေးအပါအဝင် လုပ်ငန်းပေါင်း ၈ ခုအတွက် သတင်းစာထဲမှ တင်ဒါခေါ်ခဲ့ကြောင်း၊ သစ်ပင်ပန်းမန် စိုက်ပျိုးရန်အတွက် အောင်မြင်သာထက် ကုမ္ဗဏီက တင်ဒါအောင်ထားခြင်းဖြစ်ကြောင်း သိရသည်။
Credit: The Irrawaddy

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ