မြန်မာနိုင်ငံမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ကျားဖောင်လုပ်ငန်း ပြောင်းလဲလာမလား

Share ရန်


နှစ်စဉ် သြဂုတ်လရောက်သည်နှင့် လူတွေရှုပ်ထွေး စည်ကားနေတတ်သည့် ကျားဖောင်လုပ်ငန်းများ တည်ရှိရာ ဖျာပုံမြို့နယ်ရှိ ပင်လယ်ကမ်းစပ်ဒေသများမှာ ယခုနှစ်တွင် လူသူကြဲပါး ခြောက်ကပ်နေသည်။ ဒီအခြေအနေက ကျားဖောင် လုပ်ငန်းများဖြစ်ထွန်းခဲ့သည့် နှစ်ပေါင်း ၅၀ နီးပါးကာလအတွင်း ပထမဆုံး ဖြစ်သည်ဟု ဒေသခံများကပြောကြသည်။

အင်္ဂလန်ကျားဖောင်လုပ်ငန်းများသည် နှစ်စဉ် သြဂုတ်လ၌ ရေလုပ်သားစုဆောင်း၍ စက်တင်ဘာလတွင် ပင်လယ်ပြင်သို့ထွက်၍ ငါးဖမ်းကြပြီး နောက် ၁ နှစ် ဧပြီလတွင် လုပ်ငန်းပိတ်သိမ်းကြသည်။ ထို့ကြောင့် ရေလုပ်သားစုဆောင်းသည့် သြဂုတ်လသည် ဖျာပုံမြို့နယ်၌ လူစည်ကားသည့် ကာလဖြစ်သည်။

Kyar2

“ခါတိုင်းနှစ် ဒီအချိန်ဆို အလုပ်ရှင်ဆီမှာ ဖောင်ပေါ်တက်မယ့်လူတွေက စရံငွေ ကြိုထုတ်ကြတယ်။ တခြားဒေသက လာတဲ့ဖောင်ပေါ်တက်ဖို့ လူတွေအများကြီးနဲ့ ရှုပ်ထွေးစည်ကားနေတာ။ ဒီနှစ်ကတော့ လူတွေခြောက်ကပ် နေတာပဲ” ဟု ကျားဖောင်လုပ်ငန်းများ တည်ရှိရာ ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာဒေသခံ ကိုစိုးက ပြောပြသည်။

ကျားဖောင်လောက၌ မကြုံစဖူး ထူးကဲစွာပြောင်းလဲသွားရသည့် အကြောင်းအရင်း ၂ ချက်ရှိသည်။ ပထမအချက်က ကမ္ဘာတလွှား ဖြစ်ပွားနေသည့် ကူးစက်မြန် COVID – 19 ရောဂါကြောင့်ဖြစ်ပြီး ဒုတိယအချက်က ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းကြောင့် ဖြစ်သည်။

Kyar

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် နေအိမ်မှ ၄၈ ရက်ကြာ ပျောက်ဆုံးနေခဲ့သည့် ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းကို ၎င်း၏မိသားစုဝင်များက ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာရှိ သဉ္ဇာထွန်း ကျားဖောင်လုပ်ငန်းတွင် ပြန်လည်တွေ့ရှိခဲ့သည်။ လူခေါ်ပွဲစားတို့က ကိုမြတ်သူရထွန်းကို ဖျာပုံသို့လိမ်ခေါ်ကာ ကျားဖောင်လုပ်ငန်းထဲ ထိုးထည့်၍ ၎င်း၏လုပ်အားခများကို ထုတ်ယူသွားခဲ့ကြသည်။ မိသားစုက ၎င်းအားငွေကျပ် ၆ သိန်းဖြင့် ကျားဖောင်လုပ်ငန်းရှင်ထံမှ ပြန်လည်ရွေးယူခဲ့ရသည်။

ကျားဖောင်မှ ပြန်လွတ်လာသည့် ကိုမြတ်သူရထွန်း၏မျက်နှာတွင် ဖူးယောင်ညိုမည်းနေပြီး ဘယ်ဘက်လက် တဖက်လည်း ကျိုးနေခဲ့သည်။ ဘယ်ဘက်နားရွက်မှာလည်း ကွဲထွက်ပေါက်ပြဲပြီး ဒဏ်ရာ ဗလပွ ဖြစ်နေသည့်ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့သွားသည့်နောက် မြန်မာတနိုင်ငံလုံး အံ့သြခဲ့ရသည်။

ကျားဖောင်ဦးစီးတို့၏ ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်မှုများကို လူမှုကွန်ရက်ပေါ်တွင် အပြင်းအထန် ဝေဖန်ပြောဆို ရှုတ်ချကြသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ထိုအချိန်မှသာ အသည်းအသန်ဖြင့် တရားခံများကို လိုက်လံဖမ်းဆီးခဲ့ပြီး လူကုန်ကူးမှုဖြင့် တရားစွဲဆိုခဲ့သည်။

ကိုမြတ်သူရထွန်းဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် ကျားဖောင်လုပ်ငန်းများနှင့်ပတ်သက်၍ အဓိက တာဝန်ရှိသည့် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အမျိုးသားလွှတ်တော်တို့က ဖျာပုံမြို့နယ်မှ ကျားဖောင် လုပ်ငန်းများနှင့်ပတ်သက်၍ ကြားနာမှု၊ ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ထွက်ပေါ်လာသည့်ရလဒ်မှာ “ကျားဖောင်လောက ကို စနစ်တကျဖြင့် တင်းကြပ်စွာ ကိုင်တွယ်သွားရေး” ဖြစ်သည်။

တရားမဝင် ကျားဖောင်တွေကို ပိတ်ပြီ

ကျားဖောင်လုပ်ငန်းကို အဓိက ကိုင်တွယ်နေသည့်ငါးလုပ်ငန်းဦးစီးဌာနက လက်ရှိ ၂၀၂၀-၂၀၂၁ ငါးဖမ်းရာသီတွင် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရ လုပ်ငန်းလိုင်စင်ရှိသူများသာ ပင်လယ်ပြင်ထွက်၍ ငါးဖမ်းခွင့်ရမည်ဟု ကြေညာခဲ့သည်။ လုပ်ငန်းလိုင်စင်အရ သင်္ဘော ၁ စီးလျှင် ကျားဖောင် ၈ ဖောင်သာ ငါးဖမ်းခွင့်ပြုမည်ဟု တင်းကြပ်ခဲ့သည်။

ငါးလုပ်ငန်းဌာန၏ အဆိုပါ ကြေညာချက်ကြောင့် ဖျာပုံဒေသရှိ ဒေါ်ညိမ်း၊ နောက်မီး၊ ခါးပြတ်စသဖြင့် ကျေးရွာပေါင်း ၁၂ ရွာရှိ ကျားဖောင်လုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။ အကြောင်းအရင်းက ကျားဖောင်လုပ်ငန်းလိုင်စင် မရှိသောကြောင့် ဖြစ်သည်။

Kyar4

“ဒီနှစ်က မလုပ်တဲ့လူတွေများတယ်။ ရွာကြီးက ခြောက်ကပ်သွားပြီ။ ကျနော်လည်း မလုပ်တော့ဘူး။ ကျနော့်လိုပဲ မလုပ်တဲ့လူတွေ များတယ်။ မနှစ်က ဖောင် ၅ ထောင်ရှိရင် အခုက ဖောင် ၁ ထောင်လောက်ပဲ လုပ်တော့တယ်။ ဖောင် ၄ ထောင်လောက် လျော့သွားတယ်” ဟု ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာ၌ ကျားဖောင် လုပ်ငန်းလုပ်ကိုင်ခဲ့သူ ဦးသန့်စင်က ဒေသတွင်းအခြေအနေကို ပြောပြသည်။

အင်္ဂလန်ကျားဖောင်လုပ်ငန်းသည် ဖျာပုံမြို့နယ်၏ မိရိုးဖလာ ကမ်းဝေးငါးဖမ်းလုပ်ငန်းဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်အချိန်ကာလ ၁၉၇၀ ခုနှစ်ဝန်းကျင်ကစတင်၍ ဖျာပုံဒေသ၌ အင်္ဂလန်ကျားဖောင်များဖြင့် ငါးဖမ်းခြင်းလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြသည်။

ဖျာပုံမြို့နယ်ရှိ ပင်လယ်ကမ်းစပ်ဘေးမှ ဒေါ်ညိမ်း၊ နောက်မီး၊ ဒေးဒလူ၊ ခါးပြတ်၊ ဗံဒါပင်၊ ချောင်းဝ၊ ဘုန်းကြီးသောင်၊ ကုလားထိပ်၊ ရွှေလှေကျင်း၊ အရှေ့ဖျား၊ ဖျာပုံမြစ်ကမ်းနှင့် ဓမင်းဆိပ်စသည့်ကျေးရွာများမှာ မြန်မာတနိုင်ငံလုံး စားသုံး နေသည့် မျှင်ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များအားလုံး၏ ၆၀ ရာခိုင်နှုန်းကျော် ထုတ်လုပ်ပေးနေသည့်ဒေသများ ဖြစ်သည်။

Kyar3 1

ဖျာပုံဒေသ၏ ရေထွက်ကုန်များကို ပြည်တွင်းသာမက တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ စင်္ကာပူ၊ ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံအထိ တင်ပို့ရောင်းချကြသည်။ ထို့ကြောင့် ငါးဖမ်းခြင်းမှစ၍ ကုန်ချောထုတ်လုပ်ကာ တင်ပို့ရောင်းချမှုအထိ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် လူပေါင်းများစွာ အလုပ်အကိုင် ဖန်တီးပေးထားနိုင်သည့် ကျားဖောင်လုပ်ငန်းအပေါ် ဖျာပုံမြို့နယ်တခုလုံးက စီးပွားရေးအရ မှီခိုနေရသည်။

ရေထွက်ကုန်တင်ပို့ရောင်းချသည့်လုပ်ငန်း တဖြည်းဖြည်း တွင်ကျယ်လာသည့်အလျောက် ၂၀၀၅ ခုနှစ်က စတင်၍ ကျားဖောင်လုပ်ကိုင်သူ လုပ်ငန်းရှင် တဖြည်းဖြည်း များပြားလာခဲ့သည်။ လုပ်ငန်းရှင် များပြားခဲ့သည့်အလျှောက် ကျားဖောင်အရေအတွက်လည်း ပိုမိုများပြားလာခဲ့သည်။

ဒေသတွင်းလိုအပ်ချက်အရ လုပ်ငန်းလိုင်စင်များ တိုးမြှင့်ချထားပေးရန် ကျားဖောင်လုပ်ငန်းရှင်များက ငါးလုပ်ငန်း ဦးစီးဌာနကို တောင်းဆိုသည်။ သို့သော် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် တပ်မတော် (ရေ) တို့က ကန့်ကွက်သည့်အတွက် ငါးလုပ်ငန်းဦးစီးဌာနက ၂၀၁၇ ခုနှစ်နောက်ပိုင်း ကျားဖောင်လုပ်ငန်းလိုင်စင်များ ထပ်မံ ထုတ်ပေးခြင်း မရှိတော့ချေ။

“ကျားဖောင်လိုင်စင်ထုတ်ပေးရမယ့်နေရာသည် နိုင်ငံတကာ ကုန်သွယ်ရေကြောင်းသင်္ဘောတွေ သွားလာတဲ့နေရာ ဖြစ်နေတယ်။ ကျနော်တို့ လိုင်စင်အသစ်တွေ ထုတ်ပေးတာကို တပ်မတော်(ရေ)နဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကန့်ကွက်ပါတယ်။ ဒါကြောင့် မြန်မာ့ပင်လယ်ပြင်မှာ ငါးဖမ်းလိုင်စင် ထုတ်ပေးဖို့ဟာ ငါးလုပ်ငန်းဦးစီးဌာန သဘောထား တခုတည်းနဲ့ ထုတ်ပေးလို့ မရပါဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောအောင် ရဲထွဋ်လွင်က ရှင်းပြသည်။

ဖျာပုံမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းအရ ၂၀၁၉-၂၀ ငါးဖမ်းရာသီတွင် ဌာနမှ ငါးဖမ်းခွင့် တရားဝင် လိုင်စင် ထုတ်ပေးထားသည့် စက်လှေနှင့် ကျားဖောင်တွဲ ၁၈၁ တွဲရှိသည်။ စက်လှေ ၁ စီးလျှင် ကျားဖောင် ၈ ဖောင် ပါဝင်သည့်အတွက် တရားဝင်မှတ်ပုံတင်ထားသည့် ကျားဖောင်ပေါင်း ၁၄၄၈ ဖောင် ရှိသည်။

ကျားဖောင် ၁ ဖောင်တွင် ဖောင်ဦးစီး ၁ ဦးနှင့် ဖောင်နောက်လိုက် ၂ ဦး၊ တချို့သောဖောင်များတွင် ဖောင်နောက်လိုက် ၃ ဦး နေထိုင်ကာ အလုပ်လုပ်ကြသည်။ ထို့ကြောင့် ငါးလုပ်ငန်းဦးစီးဌာနစာရင်းအရ ၂၀၁၉-၂၀၂၀ ငါးဖမ်းရာသီတွင် ဖျာပုံမြို့နယ်၌ တရားဝင်မှတ်ပုံတင်ထားသည့် ကျားဖောင်လုပ်သား ၅၀၀၀ နီးပါး ရှိကြောင်း သိရသည်။

သို့သော် ပင်လယ်ပြင်၌ အမှန်တကယ် ငါးဖမ်းခဲ့သည့်ကျားဖောင်အရေအတွက်မှာ ၅ ထောင်ခန့်ရှိကြောင်း ဖျာပုံ မြို့နယ်မှ ကျားဖောင်လုပ်ငန်းရှင်များက ဆိုသည်။ ထို့ကြောင့် ငါးလုပ်ငန်းဦးစီးဌာနက ခွင့်ပြုထားသည့် ပမာဏထက် ပင်လယ်ပြင်တွင် ငါးဖမ်းသည့် ကျားဖောင်အရေအတွက်က ၃ ဆကျော် ကွာခြားနေသည်။

“ငါးဖမ်းလိုင်စင် ၁ ခုကို သင်္ဘောတစ်စီးနဲ့ ကျားဖောင် ၈ ဖောင် ထွက်ခွင့်ရှိတယ်။ ဒါပေမယ့် ၈ ဖောင်နဲ့ တကယ် ထွက်ရဲ့ လားဆိုတော့ အနှစ် ၂၀ ကျော်အတွင်းမှာ သင်္ဘော ၁ စီးထဲမှာ တချို့က ၁၂ ဖောင်၊ ၁၅ ဖောင်၊ ဖောင် ၂၀ လောက် ထွက်တယ်။ တချို့ကလည်း တရားဝင်လိုင်စင်မရှိဘဲ ရညန (ရေကြောင်းပို့ဆောင်ရေးဌာန) က ထုတ်ပေးတဲ့ ငါးသယ်တဲ့ သင်္ဘောလိုင်စင်နဲ့ ၁၀ ဖောင်၊ ၁၅ ဖောင် လုပ်လာတာရှိတယ်။

ကာလရှည်တခုမှာ ဖြစ်ချင်တိုင်း ဖြစ်ပြီးတော့ စည်းကမ်းလည်းမရှိ၊ နိုင်ငံတော်အတွက်လည်း ဘာမှ အခွန်အခ မရတာတွေ ဖြစ်ခဲ့တယ်” ဟု ဧရာဝတီတိုင်းဒေသကြီး၊ အမှတ် ၁၀ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖျာပုံမြို့သား ဦးသိမ်းဆွေက ရှင်းပြသည်။

ဖျာပုံဒေသ၌ ငါးဖမ်းခွင့်လိုင်စင် ရှိသူရော၊ မရှိသူပါ နှစ်ပေါင်းများစွာ ပင်လယ်ထွက်၍ ငါးဖမ်းခဲ့ကြသည်။ ထို့ကြောင့် တချို့သော ကျားဖောင်လုပ်ငန်းရှင်များဆိုလျှင် လုပ်ငန်းလိုင်စင်လုပ်ထားသော်လည်း သက်တမ်း မတိုးဘဲ ပစ်ထားကြသည်။

ပင်လယ်ထွက်ငါးဖမ်းဖို့ လိုင်စင်မလိုအပ်သည့် အခြေအနေတွင် ဒေသတွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင် များကလည်း ကျားဖောင် ၂ ဖောင်၊ ၃ ဖောင် စသဖြင့် တည်ဆောက်၍ စက်လှေရှိသော လုပ်ငန်းရှင်များနှင့် တွဲဖက်လုပ်ကိုင်ကြသည်။ ယင်းဖောင်များကို ဖျာပုံ၌ တွဲဖောင်၊ ကပ်ဖောင်ဟု ခေါ်သည်။

“တွဲဖောင်၊ ကပ်ဖောင်ဆိုတာက ရွာက တနိုင်တပိုင်လုပ်တဲ့လူတွေက သူတို့မှာ သင်္ဘောကလည်း မရှိဘူး။ ရင်းနှီးစရာ ငွေကြေးလည်း များများစားစား မရှိတော့ သင်္ဘောရှိတဲ့ လုပ်ငန်းရှင်ဆီမှာ ကိုယ်တတ်နိုင်တဲ့ ပမာဏနဲ့ ကျားဖောင် ၁ ဖောင်၊ ၂ ဖောင် တွဲချင်ပါတယ်။ ကူညီပေးပါဆိုပြီး ဝင်တွဲတာ။ လုပ်ငန်းရှင်က ကျားဖောင်တွေ ပင်လယ်ထဲ ဆွဲယူသွားပေးတယ်။ ပြန်သယ်လာပေးတယ်။ ကုန်တွေ ကမ်းပြန်ပို့ပေးတယ်။ ဒီလိုမျိုး တနိုင်တပိုင် လုပ်ငန်းရှင်တွေ အများကြီးရှိတယ်” ဟု ဖျာပုံမြို့ခံ ကိုကျော်စိုးမိုးက ပြောပြသည်။

ထိုသို့ လုပ်ငန်းလိုင်စင်မရှိသည့် တရားမဝင်ကျားဖောင်များ ပင်လယ်ထွက်၍ ငါးဖမ်းခွင့်ရဖို့အတွက် မြန်မာနိုင်ငံ၌ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့သည့် ထုံးစံအတိုင်း ငါးလုပ်ငန်းဦးစီးဌာနကို လုပ်ငန်းရှင်များက လစဉ် လာဘ်ထိုးရသည်။
Credit: The Irrawaddy

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ